ဘူးသီးတောင် သပိတ်တောင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း လုပ်ကြံ၍ ဒေသခံများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများနှင့် ယာဉ်ထိန်းရဲများ ပူးပေါင်း လုပ်ကြံ၍ ဒေသခံများထံမှ ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သာ သည် ယင်းကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲများကို ဒေသခံများနှင့် ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံသတင်းများ၊ တရားမဝင် လုပ်ငန်း လုပ်ကိုင်နေသည်ဟု ဆိုကာ မဟုတ်မမှန်သတင်းများ ပေးပို့၍ ငွေညှစ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

ထို့အပြင် သပိတ်တောင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာများ ဘူးသီးတောင်မြို့ပေါ်သို့ ဈေးဝယ်ရန်သွားလျှင် မြို့မရဲစခန်းမှ ယာဉ်ထိန်းရဲများဖြစ်သည့် ဒုတပ်ကြပ်ထွန်းထွန်းဦးနှင့် ဒုတပ်ကြပ်ထွန်းကျော်ခိုင် တို့ထံ ဖုန်းဆက် အကြောင်းကြားလေ့ရှိသည်။ ယာဉ်ထိန်းရဲများက ဈေးဝယ်ရန်သွားသူများကို ဖမ်းဆီး ခြိမ်းခြောက်၍ ငွေညှစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သာနှင့် ခွဲေ၀ စားသုံးလေ့ရှိသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် သပိတ်တောင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးဖြစ်သည့် ဦးအာမာန်အုလ္လာ (ဘ) ဦးမော်တူရာမောတ် သည် ဘူးသီးတောင်မြို့သို့ ဈေးဝယ်ရန် ရောက်ရှိနေစဉ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ထွန်းထွန်းဦးနှင့် ဒုတပ်ကြပ်ထွန်းကျော်ခိုင် တို့က ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးပြီး ယာဉ်ထိန်းရဲရုံးသို့ ခေါ်ဆောင်သွားကာ WY ရောင်းဝယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် သိန်း ၂၀ တောင်းခံခဲ့သည်။ ဦးအာမာန်အုလ္လာ က ငွေပေးရန် ငြင်းဆန်ရာ ယာဉ်ထိန်းရဲများက “ငွေမပေးရင် ထောင်ကျခံရမယ်၊ ရဲက လုပ်ချင်သလိုလုပ်လို့ရတယ်၊ ငါတို့စွဲချက်တင်လိုက်ရင် ထောင်ကျပြီ” ဟု ပြောဆို၍ ခြိမ်းခြောက်ခြင်းကြောင့် နောက်ဆုံးတွင် ငွေကျပ် ၅ သိန်း ပေးခဲ့ရသည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

အဆိုပါ ယာဉ်ထိန်းရဲများသည် ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် သပိတ်တောင်ကျေးရွာမှ ဦးရာမောတ်အုလ္လာ (ဘ) ဦးနူရ်အာမောတ် ကို ဘူးသီးတောင်မြို့ပေါ်မှ ဖမ်းဆီးပြီး WY ရောင်းဝယ်နေသည်ဟု စွပ်စွဲ၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ 

ယခုကဲ့သို့ ငွေညှစ်နေခြင်းကြောင့် သပိတ်တောင်ကျေးရွာမှ ရိုဟင်ဂျာများသည် ဘူးသီးတောင်မြို့ပေါ်သို့ သွားရန်ပင် ကြောက်ရွံ့နေကြသည်။ 

ယာဉ်ထိန်းရဲ ဒုတပ်ကြပ်နှစ်ဦးသည် ကျေးလက်ဒေသများမှ ဘူးသီးတောင်မြို့ပေါ်သို့ ဆိုင်ကယ်စီး သွားလာနေသည့် ရိုဟင်ဂျာများကို အမျိုးမျိုး အပြစ်ရှာ ဖမ်းဆီး၍ ငွေညှစ်လေ့ရှိပြီး၊ ၎င်းတို့၏ အထက်အရာရှိများက သိရှိသော်လည်း မည်သို့မျှ အရေးယူ ဟန့်တားခြင်း မရှိပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ