ပန်ဇီးချောင်းတံတား နှစ်ဖက်ရှိ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲများနှင့် ရဲများက ရိုဟင်ဂျာများထံမှ ငွေကောက်ခံနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် နယ်ပိုင်းကျေးရွာများကို ဆက်သွယ်နိုင်ရန် မေယုမြစ်ပေါ်တွင် ဆောက်လုပ်ထားသည့် ပန်ဇီချောင်းတံတား နှစ်ဖက်ရှိ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများထံမှ ငွေကောက်ခံနေသည်။

ပန်ဇီးချောင်းတံတား၏ အနောက်ဘက် (မြို့ပေါ်ရပ်ကွက်ဘက်) ရှိ ရဲကင်းစခန်းနှင့် အရှေ့ဘက် (နန်းရာကုန်းကျေးရွာဘက်) ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲများက တံတားပေါ်မှ ဖြတ်သန်းသွားသည့် ရိုဟင်ဂျာများကို စစ်ဆေးလေ့ရှိသည်။ 

“ရိုဟင်ဂျာတစ်ယောက် တံတားပေါ်ကနေ ကူးသွားရင် တံတားရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ ကင်းစခန်းတွေက ရဲတွေ၊ နယ်ခြားစောင့်ရဲတွေက ရွာထွက်လက်မှတ် ရှိ/မရှိ စစ်ဆေးတယ်။ ရွာထွက်လက်မှတ် ရှိရင် သွားခွင့်ပေးတယ်။ ရွာထွက်လက်မှတ်မရှိရင်တော့ လုံး၀ သွားလို့မရဘူး။ အချို့နယ်ပိုင်းက ရွာထွက်လက်မှတ် မပါဘဲ မြို့ပေါ်တက်လာတဲ့ ရိုဟင်ဂျာတွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး ငွေသိန်းဂဏန်းထိ ညှစ်ယူတာတွေ ရှိတယ်။ ပညာတတ်ပြီး ဘာသာစကား ကောင်းကောင်း ပြောတတ်ရင်တော့ ရွာထွက်လက်မှတ် မပါရင် လုံး၀ သွားလို့မရဘူး။ ရွာထွက်လက်မှတ် ပြနိုင်သူတွေကျတော့လည်း အထုပ်သေးသေးလေး ပါရင် တံတား အရှေ့ဘက်က နယ်ခြားစောင့်ရဲကို ၅၀၀၊ တံတားအနောက်ဘက်က ရဲတွေကို ၅၀၀ ပေးရတယ်။ အထုပ် နည်းနည်းကြီးရင် တဖက်ကို ၁၀၀၀ စီ ပေးရတယ်။ ငွေမပေးရင် အထုပ်သယ်ခွင့်မပေးဘူး။ သိမ်းလိုက်တယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ဒေသခံအချို့သည် ကျေးလက်ဒေသမှ ဟင်းသီးဟင်းရွက်များ ဝယ်ယူပြီး မြို့ပေါ်သို့ သယ်ယူရောင်းချလျက်ရှိပြီး၊ ၎င်းတို့ထံမှလည်း ရဲများနှင့် နယ်ခြားစောင့်ရဲများက ငွေကောက်ခံသည်။ ကျေးလက်ဒေသမှ ကျောင်းသား/သူ အချို့သည် မြို့ပေါ်တွင် အိမ်ငှားနေထိုင်ပြီး ကျောင်းတက်လျက်ရှိရာ ၎င်းတို့ စားသောက်ရန် မိဘများ၏ စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များ သယ်လာလျှင်လည်း ရဲများနှင့် နယ်ခြားစောင့်ရဲများ ငွေကောက်ခံသည်။ 

မြို့ခံအချို့တွင် ကျေးလက်ဒေသများတွင် လယ်ယာမြေများ ရှိကြသည်။ ၎င်းတို့၏ လယ်ယာမြေများပေါ်တွင် အလုပ်သမားငှား၍ စိုက်ပျိုးထားသည့် ဟင်းခင်းများမှ ဟင်းသီးဟင်းရွက်များကို မြို့ပေါ်ရှိ အိမ်တွင် စားသုံးရန် သယ်လာလျှင်လည်း ငွေပေးနေရသည်။ 

“ငွေမပေးရင် လုံး၀ သယ်ခွင့်မပေးဘူး။ အကုန်သိမ်းပစ်တယ်။ အရောင်းအဝယ်လုပ်သူတွေဆီက ငွေကောက်နေသလို၊ အိမ်မှာစားဖို့ သယ်လာရင်လည်း ငွေကောက်နေတယ်။ စခန်းနှစ်ခုလုံးကို ပေးရတော့ ဝန်ထုပ်ဝန်ပိုး အရမ်းကြီးတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ ငွေကောက်ခံနေခြင်းဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင်များထံမှ ကောက်ခံခြင်း လုံး၀ မရှိကြောင်း ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ