နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ နယ်ခြားစောင့်ရဲများ ရိုဟင်ဂျာရွာများထဲရှိ အိမ်အလွတ်များကို အသုံးပြုလျက်ရှိ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ နယ်ခြားစောင့်ရဲများသည် ကြက်ရိုးပြင်နှင့် ငန်းချောင်းကျေးရွာများရှိ အိမ်အလွတ်များကို ၎င်းတို့ အလိုကျ အသုံးပြုလျက်ရှိသည်။

ကြက်ရိုးပြင်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ နယ်ခြားစောင့်ရဲများသည် ကြက်ရိုးပြင်နှင့် ငန်းချောင်းကျေးရွာများရှိ အိမ်အလွတ်များထဲသို့ တစ်နေကုန် ဝင်အောင်းနေပြီး ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောပါသည်။

“မနက်မိုးလင်းတာနဲ့ နယ်ခြားစောင့်ရဲ ၁၀ ယောက် ၁၅ ယောက်လောက် ကြက်ရိုးပြင်ရွာထဲကို ဝင်လာတယ်။ ပြီးရင် လူမရှိတဲ့ အိမ်အလွတ်တွေထဲ ဝင်တယ်။ တစ်အိမ်မှာ ခဏနေပြီးရင် နောက်တစ်အိမ်ပြောင်းတယ်။ ဒီလိုနဲ့ တစ်နေကုန် ရွာထဲက အိမ်တွေမှာ ပုန်းခိုနေတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

“သူတို့က အားလုံးတစ်နေရာတည်းမှာ စုမနေဘူး။ တစ်ဖွဲ့ကို ၄/၅ ယောက်စီနဲ့ နှစ်ဖွဲ့ သုံးဖွဲ့ ခွဲပြီး ရွာအနှံ့ ဖြန့်ပြီးနေတယ်။ ညနေကျမှ အားလုံးစုပြီး ပြန်ထွက်သွားတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

ကြက်ရိုးပြင်ကျေးရွာတွင်းသို့ ဝင်ရောက်၍ ပုန်းခိုနေသည့်အတိုင်း ငန်းချောင်းကျေးရွာတွင်းသို့ ဝင်ရောက်၍ ပုန်းခိုသည်ဟု ငန်းချောင်းရွာသားများက ဆိုသည်။ ငန်းချောင်းကျေးရွာအုပ်စုရှိ အရှေ့ရွာနှင့် ဂုံးနားရွာများသို့သာ အဓိက ဝင်ရောက်၍ ပုန်းခိုလေ့ရှိသည်ဟု ရွာသားများက ပြောပါသည်။

“ငန်းချောင်း အရှေ့ရွာနဲ့ ဂုံးနားရွာက မြေပြန့်မဟုတ်ဘူး။ တောင်ကုန်းပေါ်မှာရှိတဲ့ ရွာတွေ ဖြစ်တယ်။ ဒီဘက် တောင်ကုန်းမှာ အိမ် ၄/၅ လုံး၊ ဟိုဘက်တောင်ကုန်းမှာ အိမ် ၂/၃ လုံး အဲလိုနဲ့ တောင်ပေါ်မှာ တည်ထားတဲ့ ရွာတွေပါ။ နယ်ခြားစောင့်ရဲတွေ ၁၀ ယောက် ၁၅ ယောက် လာပြီး တောင်ကုန်းတွေ ပေါ်က အိမ်တွေမှာ ဟိုဘက်တစ်ချို့၊ ဒီဘက်တစ်ချို့ ဖြန့်နေတယ်။ တောင်ကုန်းတစ်ခုကနေ နောက်တစ်ခုကို ပြောင်းတယ်။ ပြောင်းတာလည်း လူသူ သိပ်မမြင်ရဘူး။ တောင်ပေါ်က ရွာဆိုတော့ ချုံပုတ်ထဲကနေ တောင်တစ်လုံးကနေ နောက်တစ်လုံးကို ပြောင်းလို့ရတယ်။ အဲလိုနဲ့ တစ်နေကုန်နေပြီး ညနေပိုင်းဆို အားလုံးစုပြီး ပြန်ထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ လူနေအိမ်များထဲသို့ ဝင်ရောက် စစ်ဆေးခြင်း မရှိသေးသော်လည်း ရွာသူရွာသားများက နယ်ခြားစောင့်ရဲများကို တွေ့လျှင် အထိတ်တလန့် ဖြစ်ခြင်း၊ နယ်ခြားစောင့်ရဲများက ရွာသားအချို့ ကို ခေါ်ယူ စစ်ဆေးခြင်းများ ရှိသည်။ 

“ကျွန်တော်တို့က အမြဲ ညှဉ်းပန်းနှိပ်စက်ခံနေရတော့ ခေါ်စစ်ရင် ကြောက်တယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

“အမျိုးသမီးတွေကတော့ ပိုကြောက်ကြတာပေါ့။ အမျိုးသမီးတစ်ယောက်တည်း ရွာထဲမှာ သွားလာတဲ့အချိန် ချုံပုတ်ကြားထဲကနေ နယ်ခြားစောင့်ရဲတစ်ယောက် မထင်မှတ်ပဲ ထွက်လာရင် ပိုကြောက်လန့်ကြတယ်။ ဒီဒေသမှ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာအမျိုးသမီး တော်တော်များများကို စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေက မုဒိမ်းကျင့်ခဲ့ကြတော့ အမျိုးသမီးတွေက ယူနီဖောင်းဝတ်မြင်တာနဲ့ကို ကြောက်လန့်နေကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ