ဘူးသီးတောင် တောင်ပိုင်းနှင့် ရသေ့တောင်ရှိ ရိုဟင်ဂျာများ စိုးရိမ်ကြောင့်ကြနေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်တွင် မြန်မာအစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ယင်းဒေသများရှိ ရိုဟင်ဂျာများ စိုးရိမ်ထိတ်လန့်နေရသည်။ 

ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် မြန်မာအစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများ၏ အနီးအနားတွင် ရိုဟင်ဂျာရွာများ ရှိပြီး သေနတ်သံများကြောင့် ရွာသားများ အထိတ်တလန့် ဖြစ်နေရသည်။

“အရင်တုန်းက လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားတွေရောက်လာရင် ရခိုင်ရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တည်းလေ့ရှိတယ်။ အခု AA နဲ့ တိုက်ပွဲတွေ ဖြစ်နေတော့ စစ်သားတွေက ရခိုင်ရွာတွေထဲ မဝင်ရဲဘူး။ စစ်သားတွေက ရိုဟင်ဂျာရွာတွေ၊ ဒါမှမဟုတ် ရွာတွေနဲ့ ကပ်ပြီး အပြင်ဘက်မှာနေတယ်။ အဲလိုနေတဲ့အချိန်မှာ AA က လာတိုက်ရင် စစ်သားတွေကလည်း ပြန်တိုက်မယ်ဆိုရင်၊ ရိုဟင်ဂျာရွာထဲမှာ တိုက်ပွဲဖြစ်သွားရင် ရိုဟင်ဂျာတွေ တော်တော်လေး ထိခိုက်နစ်နာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

“ရိုဟင်ဂျာရွာ အနီးတဝိုက်နဲ့ လမ်းတွေမှာ မိုင်းတွေ မကြာခဏတွေ့တယ်၊ ပေါက်ကွဲတာတွေ ရှိတယ်။ အဲဒီမိုင်းတွေကို စစ်သားတွေ သွားလာတဲ့အချိန် ထိအောင်ဆိုပြီး AA က ထောင်တာ ဖြစ်နိုင်သလို၊ စစ်သားတွေကို AA က လာတိုက်ရင် ထိအောင် စစ်တပ်က ထောင်တာလည်း ဖြစ်နိုင်တယ်။ မျက်စိနဲ့ မမြင်တော့ ဘယ်သူဘယ်ဝါက ထောင်တယ်ဆိုတာတော့ အတိအကျ မပြောနိုင်ဘူး။” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ အဝင်ဝတွင် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီး၊ မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးလည်း ရှာဖွေတွေ့ရှိခဲ့သည်။ မပေါက်ကွဲသေးသည့် မိုင်းများကို စစ်သားများ ယူဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။ 

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု တောင်ရွာမှ ရိုဟင်ဂျာတစ်ဦး ထင်းခုတ်သွားစဉ် မိုင်းထိ၍ သေဆုံးခဲ့ရသည်။ 

ထိုကဲ့သို့ ပေါက်ကွဲမှုများကြောင့် ရွာသားများ ရွာအပြင်ထွက်ရန် ကြောက်ရွံ့နေကြပြီး ရွာထဲတွင်လည်း ဘေးကင်းမှု လုံခြုံမှုမရှိဟုဆိုကာ စိုးရိမ်နေကြသည်။ 

“ရွာထဲမှာ ပိတ်မိနေတော့ စားဝတ်နေရေး အဆင်မပြေလို့ မကြောက်မရွံ့နဲ့ ဝမ်းစာရှာဖို့ အပြင်ထွက်တော့ မိုင်းထိပြီးသေတယ်။ အကြမ်းဖက်သမား၊ အကြမ်းဖက်တွေ ဆက်နွယ်နေတယ်ဆိုပြီး ဖမ်းဆီးခံရတယ်၊ ဂိတ်စခန်းတွေမှာ စစ်သားတွေ နယ်ခြားစောင့်ရဲတွေက ရိုက်နှက်တာ၊ ငွေညှစ်တာတွေလည်း ခံရတယ်” ဟု ရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၃) ရက်နေ့က ဖိုးခေါင်ချောင်းကျေးရွာသို့ ကောက်ရိုးဝယ်ရန် သွားခဲ့သည့် ရွက်ညိုတောင်ရွာမှ မိုဟာမတ်ဇူဘိုင်ရ် ကို အကြမ်းဖက်သမားဟု ဆိုကာ ဖမ်းဆီးသွားပြီး၊ ယခုထိ ပြန်လည် လွှတ်ပေးသေးခြင်း မရှိပေ။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံဒါးရွာသို့ ရောက်ရှိလာပြီး ကင်းစောင့်များကို အကြမ်းဖက်သမားတွေကို ဘယ်မှာလဲ ပြပေးဟု ဆိုကာ သေလုမျောပါး ရိုက်နှက်ခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင်လည်း ကျောက်ဖြူသားသေကံကျေးရွာအုပ်စု၊ ဒါနိုမျာရွာမှ ရွာသား (၃) ဦးကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ ဖမ်းဆီး၍ ငွေကျပ် ၃၆ သိန်း ညှစ်ယူခဲ့သည်။ 

“အနီးအနားမှာရှိတဲ့ ရခိုင်တွေကလည်း အရင် အစိုးရတပ်မတော်ကို ရှင်းနေတာ၊ အဲဒါပြီးရင် မင်းတို့ ကုလားတွေကို ရှင်းမယ်ဆိုပြီး ခြိမ်းခြောက်နေတာတွေရှိတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အများကြီး၊ အခြေအနေတွေက ကျွန်တော်တို့ကို နေရပ်စွန့်ခွာပြီး ထွက်ပြေးသွားဖို့ တွန်းပို့နေတယ်” ဟု ဒေသခံ လူကြီးတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ