ဘူးသီးတောင် တပ်မင်းချောင်း အခြေစိုက် တပ်ရင်း ၃၅၂ က ရိုဟင်ဂျာလယ်သမားများထံမှ ရေအတွက်ဟုဆိုကာ ရေခတောင်းခံနေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းကျေးရွာ အခြေစိုက် တပ်ရင်း ၃၅၂ မှ ရုံးစာရေးက ဆောင်းသီးနှံစိုက်ပျိုးသည့် လယ်သမားများထံမှ ရေအတွက်ဟု ဆိုကာ ရေခတောင်းခံနေသည်။

ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းကျေးရွာအုပ်စုတွင် ယခင်က ရိုဟင်ဂျာများပိုင်ဆိုင်သည့် လယ်ယာမြေ ဧက ၇၀၀ ကျော်ရှိခဲ့သည်။ ရွာသား ၉၀% မှာ လယ်သမားများ ဖြစ်ကြပြီး၊ ယင်းလယ်ယာမြေများဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။ 

လွန်ခဲ့သည့် နှစ် ၂၀ ခန့်မှစ၍ တပ်မင်းချောင်းရှိ လယ်မြေများကို စစ်တပ်က တစ်ဖြေးဖြေး သိမ်းယူခဲ့သည်။ တပ်ရင်း ၃၅၂၊ တပ်ရင်း ၃၄၅၊ စစ်အင်ဂျင်နီယာတပ်ရင်း၊ စစ်ဗျူဟာတို့က လယ်ယာမြေ ဧက ၅၀၀ ကျော် သိမ်းယူခဲ့သည်။ အများစုကို တပ်ရင်း ၃၅၂ က သိမ်းယူခဲ့သည်။ 

တပ်ရင်းများက သိမ်းယူထားသည့် လယ်ယာမြေများကို တပ်မင်းချောင်း ရွာသားများကို ပြန်ငှားသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိက ထား၍ အသက်မွေးဝမ်းကျောင်းပြုနေသည့် ရွာသားများကို ၎င်းတို့၏ ကိုယ်ပိုင်မြေများကို တပ်ရင်းမှ ပြန်လည် ငှားယူ၍ လုပ်ကိုင်စားသောက်ရသည်။ 

နှစ်စဉ် မိုးရာသီ ကုန်ဆုံးသည်နှင့် တပြိုင်နက် တပ်ရင်း ၃၅၂ မှ ဦးဆောင်၍ ရွာရှိ လယ်သမားများထံမှ ငွေနှင့် သစ်တိုင်များ ကောက်ခံ၍ တပ်မင်းချောင်း အရှေ့ဘက်ရှိ ချောင်းကို တာဆည်ကြသည်။ ထို့နောက် လယ်သမားများက တပ်ရင်းမှ လယ်ယာမြေများ ငှားရမ်း၍ ဆောင်းသီးနှံ စိုက်ပျိုးကြပြီး၊ စိုက်ခင်းများ ရေလောင်းရန် အတွက် တပ်ရင်း ၃၅၂ မှ ရေစုပ်စက်ငှား၍ ရေလောင်းရသည်။ အခြားရေစုပ်စက်များ ငှား၍ ရေလောင်းလျှင် တပ်ရင်းက ဟန့်တားလေ့ရှိသည်။ 

ယခုနှစ်တွင်လည်း တပ်ရင်း ၃၅၂ မှ ဦးဆောင်၍ လယ်သမားများထံမှ ငွေနှင့် သစ်တိုင်များ ကောက်ခံကာ အဆိုပါ ချောင်းကို တာဆည်ခဲ့သည်။ ထို့နောက် ရွာသားများထံတွင် ကျန်နေသည့် လယ်ယာမြေများကို ပိုင်ရှင်များက စိုက်ပျိုးကြပြီး၊ လယ်ယာမြေ သိမ်းခံထားရသည့် လယ်မဲ့ယာမဲ့ ဖြစ်နေသူများက ယခင်နှစ်များက အတိုင်း တပ်ရင်းမှ လယ်ယာမြေများ ငှားရမ်း၍ ဆောင်းသီးနှံအဖြစ် အာလူးများ စိုက်ပျိုးကြသည်။ လယ်ယာမြေများအတွက် လိုအပ်သည့် ရေကို တပ်ရင်း ၃၅၂ မှ ရေစုပ်စက်ငှား၍ လောင်းနေရပြီး၊ ရေစုပ်စက် ငှားခအဖြစ် တပ်ရင်းမှ လယ်ယာမြေ ငှားရမ်းသူများက တစ်ဧက အတွက် ငွေကျပ် တစ်သောင်း ပေးရပြီး၊ ကိုယ်ပိုင် လယ်ယာမြေတွင် စိုက်ပျိုးသူများက တစ်ဧကအတွက် ငွေကျပ် နှစ်သောင်း ပေးရသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ရေစုပ်စက်ငှားခ ပေးနေသော်လည်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် တပ်ရင်း ၃၅၂ မှ ရုံးစာရေး ဦးကျော်ဆွေလင်း က တပ်မင်းချောင်းရွာမှ စစ်သားများ၏ သတင်းပေး မူဟိဖ်ဘူလ္လာ (ဘ) ဦးမာမတ်ဆီဒိခ် (အသက် ၃၈ နှစ်) နှင့်အတူ လယ်သမားများ၏ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်၍ ချောင်းမှ ရေတင်ယူခဲ့သောကြောင့် ရေအတွက်ဟု ဆိုကာ ရေခအဖြစ် လယ်ယာမြေတစ်ဧကလျှင် အာလူး ကီလို ၂၀၀ စီ ပေးရမည်ဟု တောင်းခံနေကြောင်း လယ်သမားများက ပြောသည်။ 

ချောင်းကို တာဆည်ရာတွင် တပ်ရင်းမှ ငွေပေးခြင်းမရှိဘဲ လယ်သမားများထံမှ ငွေနှင့် သစ်တိုင်များ ကောက်ခံကာ တာဆည်ကြသည်။ 

“တပ်ရင်း ၃၅၂ ကို မြေငှားခလည်း ပေးရတယ်၊ ရေစုပ်စက် ငှားခလည်း ပေးရတယ်၊ ကျွန်တော်တို့ရဲ့ ငွေနဲ့ သစ်တိုင်တွေပေးပြီး တာဆည်တယ်၊ ပြီးတော့ အဲဒီချောင်းက ရေသုံးတဲ့အတွက် ရေခလည်း ပေးရမယ်ဆိုရင် ကျွန်တာ်တို့ လယ်သမားတွေက ပင်ပန်းခံပြီး စစ်တပ်ကို လုပ်ကျွေးနေတာနဲ့ အတူတူပဲ။ အခုလို ရေခ ကောက်ခံတာကတော့ အရမ်းကို ရက်စက်လွန်းသလို ဖြစ်နေပြီ” ဟု လယ်သမားတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ