အဌမတန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများထံမှ ဆရာ/မ များက ငွေကျပ် ၃ သောင်းစီ တောင်းခံနေ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) မှ ဆရာ/မ များက အဌမတန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား/သူများထံမှ တစ်ဦးလျှင် ငွေကျပ် ၃ သောင်းစီ တောင်းခံနေသည်။ 

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် အဌမတန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများသည် မောင်တောမြို့နယ် အခြေခံပညာအထက်တန်း အမှတ် (၁) တွင် ဖြေဆိုလျက်ရှိပြီး၊ ဗုဒ္ဓဘာသာဝင် ကျောင်းသား/သူ များကို တန်းခွဲ (A) တွင်ထားပြီး၊ ကျန်သည့် တန်းခွဲ (B), (C), (D) တို့တွင် ရိုဟင်ဂျာ ကျောင်းသား/သူ များကို ထားခဲ့သည်။ 

စာမေးပွဲနီးကပ်လာသည့် အခါ တန်းခွဲ (B) မှ အတန်းပိုင်ဆရာမ ဒေါ်ယုယုေ၀ (အင်္ဂလိပ်စာပြ) က စာမေးပွဲ မပြီးဆုံးခင် ကျောင်းသား/သူ တစ်ဦးလျှင် ငွေကျပ် ၃ သောင်းစီ ဆရာမထံ လာသွင်းကြပါဟု မှာကြားခဲ့သည်။ ကျောင်းသား/သူ များက ငွေကျပ် ၃ သောင်းကို “ဘာကြောင့် ပေးရမှာလဲ” ဟု မေးခွန်းထုတ်ရာ ဆရာမ က စာမေးပွဲ အောင်ရန် အတွက်ဟု ဖြေဆိုခဲ့သည်။ 

ကျောင်းသားအချို့က “ကျွန်တော်တို့ ငွေမပေးနိုင်ဘူး၊ စာကြိုးစားပြီး စာမေးပွဲ ကောင်းကောင်း ဖြေမယ်” ဟု ပြောသော်လည်း ဆရာမ က “ဘယ်လောက်ကောင်းကောင်း ဖြေဖြေ ငွေမပေးရင် လုံးဝ အောင်မှာ မဟုတ်ဘူး” ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

အလားတူ တန်းခွဲ (C), (D) တို့မှ ဆရာမများကလည်း ကျောင်းသား/သူများထံမှ ငွေတောင်းခံခဲ့သည်။ တန်းခွဲ (A) မှ ဗုဒ္ဓဘာသာဝင် ကျောင်းသား/သူ များထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်း လုံး၀ မရှိဟု ရိုဟင်ဂျာကျောင်းသား/သူများက ပြောသည်။ 

ဆရာမများ၏ ခြိမ်းခြောက်မှုကြောင့် ကျောင်းသား/သူ အများစု ငွေကျပ် ၃ သောင်းစီ ပေးလိုက်ပြီ ဖြစ်ကြောင်း၊ အနည်းငယ်သာ ပေးရန် ကျန်တော့ကြောင်း ကျောင်းသားမိဘများထံမှ စုံစမ်းသိရှိရသည်။ 

ရခိုင်ပြည်နယ်၊ မြို့နယ်များရှိ ရိုဟင်ဂျာအများစုမှ အလုပ်လက်မဲ့ ဖြစ်နေပြီး ခက်ခက်ခဲခဲ အသက်မွေးဝမ်းကျောင်း ပြုနေရချိန်တွင် ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်ခံနေရသည်မှာ ကျောင်းသား/သူများ၏ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်နေသည်။ ကျောင်းသား/သူများက စာမေးပွဲကျရှုံးမည်ကို စိုးရိမ်၍ မိဘများကို ပူဆာနေသောကြောင့် ရရာနည်းလမ်းဖြင့် ရှာပေးနေရသည်။ 

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် စတင်သည့် အဌမတန်း စာမေးပွဲသည် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ပြီး တစ်ရက်သာ ကျန်တော့သည်။ စာမေးပွဲမပြီးဆုံးမီ ငွေပေးသွင်းရန် ဆရာမများက ကျောင်းသား/သူများကို အကြိမ်ကြိမ် ပြောဆိုလျက်ရှိသည်။ 

တန်းခွဲ (B) မှ ဆရာမ ဒေါ်ယုယုဝေသည် မြို့နယ် ပညာရေးမှူး၏ သမီးဖြစ်သည်ဟု သိရသည်။ 

“မြို့နယ်ပညာရေးမှူး ကိုယ်တိုင်က သူ့သမီးကို တပည့်တွေဆီက မတရားသဖြင့် ငွေကောက်ဖို့ ခွင့်ပြုထားတာလား၊ ဒါမှမဟုတ် တကယ်ပဲ မသိတာလား၊ သိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလား” ဟု ကျောင်းသားမိဘတစ်ဦးက စောဒကတက်သည်။ 

ကျောင်းသားတစ်ဦး၏ မိခင် က “ဆရာမတွေလည်း ရဲတွေလို ဖြစ်နေတယ်။ ကျောင်းသား/သူတွေဆီက ငွေညှစ်ဖို့ချည်း ချောင်းနေတယ်” ဟု ဆိုသည်။ 

ကျောင်းသား/သူများ၏ မိဘများက ဖြူစင်သည့် ပညာရေးဌာနကို ငွေညှစ်၍ ညစ်ပတ်အောင် အရောင်ဆိုးနေသည့် ပညာရေးဝန်ထမ်းများကို သက်ဆိုင်ရာ အကြီးအကဲများက အမြန်ဆုံးတားဆီး အရေးယူပေးပါရန် တောင်းဆိုသည်ဟု ပြောပါသည်။ 

မြို့မကညင်တန်းကျေးရွာအုပ်စုရှိ စံပြမူလွန်ကျောင်းမှ ကျောင်းအုပ်ကြီးက စတုတ္ထတန်းကျောင်းသား/သူများထံမှ ငွေကျပ် ၅၀၀၀ စီ ကောက်ခံခဲ့သည်။ ငွေပေးရန် ပျက်ကွက်ပါက စာမေးပွဲကျရှုံးမည်ဟု ပြောဆို ခြိမ်းခြောက်ခဲ့သောကြောင့် ကျောင်းသား/သူ အချို့က စာမေးပွဲစစ်ဆေးနေစဉ် ပေးခဲ့သည်။ ကျန်သည့် ကျောင်းသား/သူများကို ၎င်း၏ နေအိမ်သို့ လာပေးရန် မှာကြားခဲ့သည်။ စတုတ္ထတန်းစာမေးပွဲ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ