ဖိုးခေါင်ချောင်း ကံဒါးရွာ၌ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ကင်းစောင့်နေသူများကို ထိုးကြိတ်ရိုက်နှက်
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စု ကံဒါးရွာ၌ ညပိုင်း ကင်းစောင့်နေသည့် ရွာသား (၄) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ည ၁၁ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ (နယ်မြေ ၁၁) စခန်းမှ ရဲအုပ်နှစ်ဦးအပါအဝင် နယ်ခြားစောင့်ရဲအချို့နှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်မ ၂၂ မှ တပ်ရင်းမှူးအပါအဝင် စစ်သား ၁၀၀ ခန့်သည် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု ကံဒါးရွာသို့ ရောက်ရှိလာပြီး ရွာ၏ တောင်ပိုင်း ကင်းရုံ၌ ကင်းစောင့်နေသည့် ရွာသား (၄) ဦးကို “မင်းတို့ရွာကို ဝင်ရောက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်သမား နှစ်ယောက် ဘယ်အိမ်မှာနေလဲ၊ ငါတို့ကို ပြပေး” ဟုမေးရာ ကင်းစောင့်များက “ကျွန်တော်တို့ရွာမှ အကြမ်းဖက်သမား၊ သေနတ်ကိုင်ထားတဲ့လူ ဝင်ရောက်လာတာ မရှိဘူး” ဟု ဖြေကြားခဲ့သည်။ 

ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက “အမှန်အတိုင်းပြော၊ မလိမ်နဲ့” ဟု ဆိုကာ ကင်းစောင့်များကို ဝိုင်း၍ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။ 

“တစ်ချို့က လက်သီးနဲ့ထိုး၊ တစ်ချို့က ခြေထောက်နဲ့ကန်ကျောက်၊ တစ်ချို့က သေနတ်ဒင်နဲ့ ရိုက်နှက်တယ်၊ သူတို့ရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် ကင်းသမား ၄ ယောက်လုံး နှုတ်ခမ်း၊ နှာခေါင်းတွေ ကွဲသွားတယ်၊ မျက်နှာနဲ့ ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ ရပြီး မြေပေါ်မှာ လဲကျသွားကြတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ကံဒါးရွာ၏ တောင်ဘက်အစွန်းကို ဝန်းရံထားပြီး အရာရှိများသည် ကျေးရွာတာဝန်ခံ ဦးဟူးဆောင်းအာမတ်၏ နေအိမ်၏ တံခါးကို ဖွင့်ခိုင်းခဲ့သည်။ ကျေးရွာတာဝန်ခံက စစ်သားများနှင့် နယ်ခြားစောင့်ရဲများ လာသည်ကို သိရှိ၍ တံခါးဖွင့်ပေးခဲ့သည်။ အရာရှိများက အိမ်ထဲသို့ဝင်၍ ဦးဟူးဆောင်းအာမတ်နှင့် ဇနီးကို ဧည့်ခန်းတွင် ရပ်စေကာ ဓါတ်ပုံရိုက်ယူခဲ့သည်။ နေအိမ်တွင်းရှိ စာရွက်စာတမ်းများနှင့် ဗီရိုထဲရှိ အဝတ်အထည်များကို တစ်ခုချင်းစီ စစ်ဆေးပြီး အသေးစိတ်ရှာဖွေပြီးနောက် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိသော်လည်း နေအိမ်ကို အကြိမ်ကြိမ် ဓါတ်ပုံရိုက်ယူခဲ့သည်။ 

တပ်မ ၂၂ မှ တပ်ရင်းမှူးက “မင်းအိမ်မှာ အကြမ်းဖက်သမား နှစ်ယောက် ရောက်နေတယ်လို့ သတင်းရပြီး လာစစ်တာ” ဟု ပြောဆို၍ ည ၁၂ နာရီထိ စစ်ဆေးပြီးနောက် ထွက်ခွာသွားခဲ့သည်။ ဦးဟူးဆောင်းအာမတ်၏ နေအိမ်ကို စစ်ဆေးနေစဉ် နယ်ခြားစောင့်ရဲများနှင့် စစ်သားအချို့သည် ဦးမာမတ်ဆော်လိမ် (အသက် ၆၀ နှစ်) ၏ နေအိမ်ကို ဝင်ရောက် စစ်ဆေးပြီး၊ ဦးမာမတ်ဆော်လိမ်ကို ရိုက်နှက်ခဲ့သည်။ 

အစပိုင်းတွင် ရိုက်နှက်ခဲ့ရသည့် ကင်းစောင့် (၄) ဦးသည် နေ့စား အလုပ်သမားများ ဖြစ်ကြသည်။ ၎င်းတို့သည် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ ရိုက်နှက်မှုကြောင့် အလုပ်မဆင်းနိုင်တော့ဘဲ နေအိမ်တွင် အနားယူနေရသဖြင့် မိသားစုများ၏ စားဝတ်နေရေးအတွက် စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုသည်။ 

ထိုးကြိတ်ရိုက်နှက်ခံရသည့် ကင်းစောင့်များမှာ (၁) ဦးဆော်ယဒ်ဟူစိန်း (ဘ) ဦးဘာဆာမျာ၊ (၂) ဦးဖော်ယာစ်အာမတ် (ဘ) ဦးဆော်ယဒ်ဟူစိန်း၊ (၃) ဦးမာမတ်ရှားဟ် (ဘ) ဦးကာမာလ်ဟူစိန်း နှင့် (၄) ဦးမာမတ်အာမီးန် (ဘ) ဦးမာမတ် တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ