ညောင်ချောင်း နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာပိုင် အိမ်တစ်လုံး ဖြိုဖျက်၍ နယ်မြေသို့ သယ်ယူ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်းအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများသည် ဖရုံချောင်းကျေးရွာအုပ်စု ကျွဲထက်ပြင်ရွာမှ ရိုဟင်ဂျာပိုင် အိမ်တစ်လုံးကို ဖြိုဖျက်၍ နယ်မြေသို့ သယ်ဆောင်သွားပြီး အဆောင်ဆောက်လုပ်လျက်ရှိသည်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်းနယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦးသည် တီဘာကားတစ်စီးဖြင့် ဖရုံချောင်းကျေးရွာအုပ်စု၊ ကျွဲထက်ပြင်ရွာသို့ ရောက်ရှိလာပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်သန်းဌေးက ကြိုတင်စီစဉ်ထားသည့် ရိုဟင်ဂျာရွာသား (၄) ဦးကို လုပ်အားပေးအဖြစ် ခေါ်ယူခဲ့သည်။ 

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူ ဦးမာမတ်နော်ဆိမ်း (ဘ) ဦးမာမတ်နော်ဘီ ၏ အိမ်အလွတ်သို့ သွား၍ အိမ်ကို ဖြိုဖျက်ကာ သစ်များကို နယ်မြေသို့ သယ်ယူသွားခဲ့သည်။ 

“အိမ်ကို နှစ်ရက်တိတိ ဖြိုတယ်။ ပထမနေ့မှာ နေဝင်ချိန်အထိ အိမ်တစ်ဝက်ကိုပဲ ဖြိုနိုင်တယ်။ နောက်နေ့ မနက် ပြန်လာပြီး အုပ်ချုပ်ရေးမှူးကနေတဆင့် ရိုဟင်ဂျာ (၄) ယောက်ကို လုပ်အားပေးဖို့ ပြန်ခေါ်ပြီး ကျန်တဲ့ အိမ်တစ်ဝက်ကို ထပ်ဖြိုတယ်။ ပြီးတော့ သစ်တွေကို ကားနဲ့ သယ်သွားတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများသည် အိမ်ဖြိုဖျက်ပြီး သယ်ဆောင်လာသည့် သစ်များဖြင့် နယ်မြေဝင်းအတွင်းတွင် အဆောင်တစ်ဆောင် ဆောက်လုပ်နေသည်။ 

အိမ်ဖြိုဖျက်နေစဉ် ဦးမာမတ်နော်ဆိမ်း၏ ဆွေမျိုးသားချင်းများက အိမ်ကို မဖြိုဖျက်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း နယ်ခြားစောင့်ရဲများက လူမရှိသည့် အိမ်များကို ၎င်းတို့သာ ပိုင်ဆိုင်ကြောင်း၊ ထိုအိမ်များကို ဖြိုဖျက် ယူဆောင်ရန် မည်သူတစ်ဦးတစ်ယောက်ထံမှ ခွင့်ပြုချက်ရယူရန် မလိုကြောင်း၊ ၎င်းတို့ လုပ်ချင်သလို လုပ်ဆောင်နိုင်ကြောင်း ရိုင်းပျစွာ ဖြေဆိုခဲ့သည်။ 

နယ်ခြားစောင့်ရဲများ ဖြိုဖျက်သယ်သူသွားသည့်အိမ်သည် သစ်မာများဖြင့် ဆောက်လုပ်ထားသည့် အိမ်ကြီးတစ်လုံး ဖြစ်ပြီး၊ ပျဉ်ခင်း၊ ဝါးထရံကာ၊ ဓနိမိုး ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ