ဘူးသီးတောင် ကျောက်ရန်ကျေးရွာအနီး ထင်းရှာနေသည့် ရိုဟင်ဂျာတစ်ဦး မိုင်းထိ သေဆုံး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စုမှ ရိုဟင်ဂျာတစ်ဦးသည် တောတောင်ထဲတွင် ထင်းရှာနေစဉ် မိုင်းထိ၍ သေဆုံးသွားသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ကျောက်ရန်ကျေးရွာအုပ်စု တောင်ရွာ (ဂူဒါရ်ဖာရာ) မှ ဒေသခံရိုဟင်ဂျာနှစ်ဦးသည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် ၈ နာရီကျော်တွင် ရွာ၏ အရှေ့ဘက်ရှိ တောတောင်ထဲသို့ သွားရောက်၍ ထင်းရှာနေစဉ် နံနက် ၁၀ နာရီကျော် အချိန်တွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဦးနော်ဘီဟူဆောင်း (ဘ) ဦးအလီဟူဆောင်း (အသက် ၅၅ နှစ်) ၏ ခြေထောက်တဖက် လုံးဝ ကြေမွပျက်စီးသွားသည့် အပြင် ကျန်ခြေထောက်တဖက်နှင့် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများရရှိခဲ့သည်။ 

မိုင်းပေါက်ကွဲသံကြောင့် ရွာသားများအားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြပြီး၊ ထင်းခုတ်ရန် အတူလိုက်ပါသူက ရွာသို့ အပြေးအလွှား သွားရောက်၍ သတင်းပို့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူ ဦးနော်ဘီဟူဆောင်း၏ ဆွေမျိုးများက လိုက်သွားပြီး ဦးနော်ဘီဟူဆောင်းကို အိမ်သို့ သယ်ယူလာခဲ့ကြသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးက မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖုံညိုလိပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) လေးမြို့စခန်း သို့ သတင်းပို့ပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ ဦးနော်ဘီဟူဆောင်းကို မိသားစုဝင်များက ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ဦးနော်ဘီဟူဆောင်းသည် နေ့လည် ၁၂ နာရီခန့် အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဦးနော်ဘီဟူဆောင်း သေဆုံးပြီးနောက် ဘူးသီးတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဆေးရုံသို့ ရောက်ရှိလာပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များကို မေးမြန်းခဲ့သည်။ မိသားစုဝင်များက ညနေပိုင်းတွင် ဦးနော်ဘီဟူဆောင်း၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ယူသွားပြီး နေဝင်ချိန်တွင် မြေမြှပ်သဂြိုဟ်ခဲ့သည်။ 

မိုင်းပေါက်ကွဲသည့် နေရာ၌ ဇန်နဝါရီလအတွင်းတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ယခုပေါက်ကွဲခဲ့သည့် မိုင်းသည် AA သို့မဟုတ် အစိုးရတပ်မတော်က ထောင်ထားသည့် မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ