ရသေ့တောင် မြောက်ပိုင်းမှ ရိုဟင်ဂျာများကို ICRC မှ အထောက်အပံ့များ ဖြတ်တောက်ထားသဖြင့် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ
ရန်နိုင် Rohingya Today
ICRC မှ ထောက်ပံ့ပေးသည့် ပစ္စည်းများ (ဓါတ်ပုံ - Hla Yamin Eain/ICRC)

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို စစ်တွေမြို့ အခြေစိုက် ICRC ရုံးမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စ၍ အထောက်အပံ့များ ဖြတ်တောက်ထားသဖြင့် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ 

၂၀၁၂ ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများ နောက်ပိုင်းတွင် ရိုဟင်ဂျာများကို တစ်မြို့မှတစ်မြို့သို့ သွားလာခွင့် ပိတ်ပင်ထားခဲ့သည်။ မြို့နယ်အတွင်း တစ်ရွာမှတစ်ရွာသို့ သွားလာရန်လည်း ကန့်သတ်ထားခဲ့သည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပိတ်ပင်ထားခံရသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရချိန်တွင် မြို့ပေါ်ရပ်ကွက်များမှ အပ နယ်ပိုင်းရှိ ကျေးရွာများတွင် WFP မှ လူမျိုးဘာသာ မရွေး ထောက်ပံ့ပေးခဲ့သည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ နယ်ပိုင်းရှိ ကျေးရွာများကို WFP နှင့် ICRC တို့မှ ရွာများကို ခွဲယူ၍ အထောက်အပံ့များ ပေးခဲ့သောကြောင့် ယင်းမြို့နယ်များရှိ ကျေးလက်ဒေသများမှ ရိုဟင်ဂျာများသည် WFP နှင့် ICRC တို့မှ အထောက်အပံ့များကိုသာ မှီခိုစားသောက် နေထိုင်လာရသည်။ 

ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ -- ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊ ဆင်ခုန်းတိုင်ကျေးရွာနှင့် လွင့်တောင်ကျေးရွာ တို့မှ အိမ်ခြေ ၄၀၈ လုံးမှ လူဦးရေ ၂၂၅၀ ဦး၊ ရက်ခုန်းတိုင်ကျေးရွာအုပ်စု၊ အာကာတောင်ကျေးရွာမှ အိမ်ခြေ ၂၇၅ လုံးမှ လူဦးရေ ၂၁၀၀ ဦး၊ အုတ်ဖိုကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာမှ အိမ်ခြေ ၂၃၅ လုံး၊ လူဦးရေ ၁၇၀၀ ဦး -- တို့ကို စစ်တွေမြို့ အခြေစိုက် ICRC ရုံးမှ ထောက်ပံ့ပေးခဲ့ပြီး၊ ၎င်းတို့သည် ICRC မှ အထောက်အပံ့များဖြင့်သာ စားသောက်နေထိုင်လာသည်။ 

“ကျွန်တော်တို့ကို လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ICRC က ရိက္ခာ ဖြတ်လိုက်တယ်။ ရွာသား အများစုက နေ့စား အလုပ်သမားတွေ၊ အနီးအနားကရွာတွေ၊ ဘူးသီးတောင်နဲ့ မောင်တောတို့က ရွာတွေမှာ သွားလုပ်ကြသူတွေ၊ ၂၀၁၇ သြဂုတ်လ နောက်ပိုင်းမှာ အလုပ်လုပ်လို့ မရတော့ ICRC ရဲ့ ရိက္ခာကိုပဲ မှီခိုနေရတယ်။ အခု ရိက္ခာဖြတ်ထားတော့ စားဝတ်နေရေး ကျပ်တည်းလာတယ်။ ကြာလာရင် အငတ်ဘေး ကြုံတွေ့ရနိုင်တယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ICRC မှ အထောက်အပံ့ကိုသာ မှီခိုအားထားနေရသူများကို အထောက်အပံ့များ မပေးတော့သည့် အချိန်တွင် လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းလည်း မရှိသောကြောင့် ရေရှည်ဖြတ်တောက်ခံရမည်ဆိုပါ အငတ်ဘေးကြုံတွေ့ရမည် ဖြစ်ပြီး၊ ၎င်းတို့အား ပုံမှန်အတိုင်း အထောက်အပံ့များ ပေးရန် ICRC ကို တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ