ဘူးသီးတောင် ကျောက်ဖြူသားသေကံ အုပ်ချုပ်ရေးမှူး ဒေသခံ (၅) ဦးနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို မဟုတ်မမှန် တိုင်ကြားပြီး ဖမ်းဆီးငွေညှစ်စေခဲ့
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံရိုဟင်ဂျာ (၅) ဦးကို အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသည်ဟု နယ်ခြားစောင့်ရဲများကို လုပ်ကြံတိုင်ကြား၍ ဖမ်းဆီးငွေညှစ်စေခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၁၁) စခန်းမှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျောက်ဖြူသားသေကံကျေးရွာအုပ်စု ဒါနိုမျာရွာသို့ ဆွဲ၊တင်၊စစ် စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။ ကျောက်ဖြူသားသေကံကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ခင်ထွန်း က ယင်းကျေးရွာအုပ်စု သေကံရွာမှ မော်လဝီရှော်ဖီအုလ္လာ (ဘ) ဦးမာမတ်ဆီဒိခ် (အသက် ၄၈ နှစ်) နှင့် မော်လဝီဂျော်မိလ် (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၃၆ နှစ်) တို့သည် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိသည်၊ ထောက်ပံ့နေသည်ဟု ဆွဲ၊တင်၊စစ် စစ်ဆေးရန် ရောက်လာသည့် မ.က.ဖ များနှင့် နယ်ခြားစောင့်ရဲများကို မဟုတ်မမှန် လုပ်ကြံ၍ တိုင်ကြားခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများက ကျေးရွာတာဝန်ခံကို ခေါ်၍ အဆိုပါ မော်လဝီနှစ်ပါးကို ဖမ်းဆီးမည့် အကြောင်းပြောရာ ကျေးရွာတာဝန်ခံက အဆိုပါ မော်လဝီနှစ်ပါးသည် အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိသူများ မဟုတ်ကြောင်း၊ ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်နေကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့အား လူသူရှေ့မှောက်တွင် ဖမ်းဆီးခြင်းဖြင့် ဂုဏ်သိက္ခာကျဆင်းစေခြင်း မပြုလုပ်ရန်နှင့် အကယ်၍ စစ်ဆေးလိုပါက နယ်မြေရုံးသို့ စစ်ဆေးရန် ပြောဆိုခဲ့သည်။ 

နယ်ခြားစောင့်ရဲများက အဆိုပါ မော်လဝီနှစ်ပါးကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် နယ်မြေရုံးသို့ လာရောက်ရန် မှာကြားမှုကြောင့် ကျေးရွာတာဝန်ခံနှင့် အတူသွားရောက်ရာ နယ်ခြားစောင့်ရဲများက ကျေးရွာတာဝန်ခံကို ပြန်လွှတ်၍ မော်လဝီနှစ်ပါးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ဒါနိုမျာရွာမှ (၁) ဦးမာမတ်ဆော်ယာဒ် (ဘ) ဦးဒါနိုမျာ (အသက် ၅၀ နှစ်)၊ (၂) ဦးကာဆိမ်း (ဘ) ဦးအာနိုမျာ (အသက် ၂၇ နှစ်) နှင့် ဦးအော်လီအုလ္လာ (ဘ) ဦးအီဆုဖ် (အသက် ၂၄ နှစ်) တို့သည် ၎င်းတို့၏ မိသားစုဝင်များနှင့် အတူ ဆွဲ၊တင်၊စစ် စစ်ဆေးခံနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ခင်ထွန်းက ၎င်းတို့ (၃) ဦးသည် အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသူများ ဖြစ်သည်ဟု မဟုတ်မမှန် လုပ်ကြံ၍ နယ်ခြားစောင့်ရဲများကို တိုင်ကြားခဲ့သည်။ နယ်ခြားစောင့်ရဲများက ၎င်းတို့ (၃) ဦးကို ဆွဲ၊တင်၊စစ် စစ်ဆေးပြီးနောက် ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

၎င်းတို့ (၃) ဦးစလုံးကို နယ်မြေရုံးတွင် တစ်ည ချုပ်နှောင်ထားပြီး နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ကာ ငွေကျပ် (၁၂) သိန်းစီ -- စုစုပေါင်း (၃၆) သိန်း -- ညှစ်ယူ၍ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

သေကံရွာမှ မော်လဝီနှစ်ပါးကို ကျေးရွာတာဝန်ခံက အာမခံ၊ တာဝန်ယူသဖြင့် ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ငွေညှစ်ခြင်း ရှိ/မရှိကို အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ခင်ထွန်းက မဟုတ်မမှန် လုပ်ကြံ၍ နယ်ခြားစောင့်ရဲများကို တိုင်ကြားပြီး ဖမ်းဆီးစေခြင်း၊ ငွေညှစ်စေခြင်းများ ပြုလုပ်နေခြင်းကြောင့် ကျောက်ဖြူသားသေကံကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာများသည် ၎င်း၏ ထောင်ချောက်ထဲ ကျရောက်တော့မည်ကို အလွန်ပင် စိုးရိမ်ပူပန်နေကြသည်။ ၎င်း၏ လုပ်ကြံမှုကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ