ဘူးသီးတောင်မြို့မှ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများကို လူမျိုးဘာသာခွဲခြား၍ ဖိနှိပ်ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲများသည် CNG နှင့် ဆိုင်ကယ်များ စီး၍ သွားလာနေသည့် ရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း လူမျိုးဘာသာခွဲခြား ဖိနှိပ်၍ ငွေညှစ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဘူးသီးတောင်မြို့မရဲစခန်းမှ ယာဉ်ထိန်းရဲများ ဖြစ်ကြသည့် ဒုတပ်ကြပ်ရဲမင်းထွန်း၊ ဒုတပ်ကြပ်ထွန်းကျော်နိုင်၊ ဒုတပ်ကြပ်စံကျော်လှနှင့် အခြားယာဉ်ထိန်းရဲများက CNG နှင့် ဆိုင်ကယ်များဖြင့် သွားလာနေသည့် ရိုဟင်ဂျာများကို ပစ်မှတ်ထား၍ နေ့စဉ်နှင့်အမျှ ဖမ်းဆီးငွေညှစ်နေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများ အသွားအလာများသည့်နေရာ၊ ခွဆုံများတွင် စောင့်၍ CNG နှင့် ဆိုင်ကယ်များ စီး၍ သွားလာနေသည့် ရိုဟင်ဂျာများကို ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်စီးဦးထုပ် စသည်ဖြင့် စစ်ဆေး၍ တစ်ခုမဟုတ်တစ်ခု အကွက်ဆင်၍ ငွေညှစ်နေသည်ဟု ဒေသခံများက ဆိုသည်။ ငွေပေးရန် ငြင်းဆန်သူများကို တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ 

“ရိုဟင်ဂျာတွေက ယာဉ်မောင်းလိုင်စင်ရဖို့ လျှောက်ရင်လည်း NVC ရှိမှ ရမယ်လို့ ပြောတယ်။ NVC ရှိတဲ့ ရိုဟင်ဂျာတွေက ယာဉ်မောင်းလိုင်စင် လျှောက်ရင်လည်း စစ်တွေကို သွားပြီး Driving Test ပေးရမယ်လို့ ပြောတယ်။ ရိုဟင်ဂျာတွေကို မြို့နယ်အတွင်းမှာတောင် တစ်ရွာကနေတစ်ရွာကို သွားလာဖို့ ကန့်သတ်ထားတော့ စစ်တွေသွားပြီး Driving Test လုပ်ဖို့ လုံး၀ မဖြစ်နိုင်ဘူး။ အဲဒါကို ယာဉ်ထိန်းရဲတွေက သိနေတော့ သူတို့အတွက် ငွေညှစ်ဖို့ ဂွင်ကြီးကြီး ဖြစ်နေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

CNG မောင်းနှင်သူများက ယာဉ်လိုင်စင်ရယူရန် လျှောက်ထားသော်လည်း စစ်တွေမြို့ရှိ ကညန ရုံးသို့ သွားရောက် ယာဉ်လိုင်စင် ပြုလုပ်ရမည်ဟု ပြောလေ့ရှိသည်။ 

ယာဉ်ထိန်းရဲများက CNG၊ ဆိုင်ကယ်များ လိုင်စင်၊ ဦးထုပ်များ စစ်ဆေးရာတွင် ရိုဟင်ဂျာများကိုသာ စစ်ဆေးပြီး ဗုဒ္ဓဘာသာဝင်များကိုမူ မည်သည့်အခါမှ မေးမြန်းခြင်း မရှိပေ။ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ ဖိနှိပ်ကာ ငွေညှစ်နေသည်ကို အထက်အရာရှိများက သိသော်လည်း ဟန့်တားခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ