ဘူးသီးတောင် ဖုံညိုလိပ်ဈေးမှ ဈေးခေါင်းဖြစ်သူ၏ ဖိနှိပ်မှုကြောင့် ဈေးသည်များ အခက်အခဲကြုံနေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုံညိုလိပ်ကျေးရွာအုပ်စုရှိ ဈေးတွင် ဈေးခေါင်းက ဈေးကောက်များ တိုးကောက်နေသည့်အပြင် ဈေးသည်များကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်မပြုဘဲ ဈေးသည်များနှင့် ရိုင်းပျစွာ ဆက်ဆံလျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုံညိုလိပ်ကျေးရွာအုပ်စုရှိ ဈေးသည် အစိုးရ စည်ပင်သာယာ အပိုင် ဈေးမဟုတ်ဘဲ ပုဂ္ဂလိကပိုင် ဈေးဖြစ်သည်။ ယင်းဈေးကို ယခင်က ဖုံညိုလိပ်ကျေးရွာသားတစ်ဦးက ပိုင်ဆိုင်ခဲ့ပြီး၊ ယခုအခါ ယင်းကျေးရွာအုပ်စုရှိ ဦးမာမတ်အလီ (ဘ) ဦးဆီရာဇူဒီးန် (အသက် ၄၅ နှစ်) က ပိုင်ဆိုင်ထားသည်။ လက်ရှိ ပိုင်ရှင်ဖြစ်သူ ဦးမာမတ်အလီ က ဈေးသည်များ၊ ဆိုင်ခန်းများမှ ဈေးကောက်များ ကောက်ခံရာတွင် ယခင်ကထက် အဆမတန်တိုး၍ ကောက်ခံနေသည်ဟု ဒေသခံများက Rohingya Today သို့ ပြောသည်။ 

“ဈေးက အရင်ကလို စည်စည်ကားကား မရှိတော့ဘူး။ အရောင်းအဝယ် နည်းနေတဲ့အချိန်မှာ အခုလို ဈေးကောက်တိုးကောက်နေတာကြောင့် ဈေးသည်တွေနဲ့ ဆိုင်ခန်းသမားတွေ အခက်အခဲတွေနဲ့ ကြုံနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဈေးသည်များနှင့် ဆိုင်ခန်းပိုင်ရှင်များက အရောင်းအဝယ် နည်းပါးသောကြောင့် ဈေးကောက်ကို ယခင်ကအတိုင်းသာ ကောက်ခံရန် ပြောသော်လည်း ဈေးပိုင်ရှင်နှင့် ဈေးခေါင်းဖြစ်သူ ဦးမာမတ်အလီ က “ဒီဈေးက ငါ့ဈေးဖြစ်တာကြောင့် ငါ့ဆန္ဒအတိုင်းသာ ကောက်မယ်၊ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိဘူး။ ဘယ်သူ့ကိုမှ ကြောက်ဖို့လည်း မလိုဘူး၊ ငါ့ဈေးမှာ ငါကောက်သလို မပေးနိုင်ရင် ငါ့ဈေးမှာ အရောင်းအဝယ် မလုပ်ကြနဲ့၊ အခု ချက်ချင်းထွက်သွား” ဟု ရိုင်းပျစွာ တုံ့ပြန်သည်။ 

ဇန်နဝါရီလ လဆန်းပိုင်းတွင် အိုးခွက်ပန်းကန် ဆိုင်ရောင်းချသူ ဦးအေဆာန်အုလ္လာ (ဘ) ဦးဒူဒူမျာ ထံမှ ဈေးကောက်တောင်းစဉ် အရောင်းအဝယ် နည်းပါးသောကြောင့် ဈေးကောက် နည်းနည်းလျှော့ယူရန် တောင်းဆိုရာ ဈေးခေါင်း ဦးမာမတ်အလီက ဆိုင်ထဲသို့ ဝင်ရောက်၍ ပစ္စည်းများ ရိုက်ခွဲခြင်း၊ ဆိုင်ပြင်သို့ လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် တောင်းသည့်အတိုင်း ဈေးကောက်ပေးခဲ့ရသည်။ 

ဖုံညိုလိပ်ဈေးတွင် ကျောက်တော်မြို့ ဘက်မှ ရခိုင်လူမျိုးများက ကွမ်းရွက်များ သယ်ယူရောင်းချလေ့ရှိသည်။ ထိုကွမ်းရွက်များကို ဈေးသည်များအား ဝယ်ယူရောင်းချခွင့်မပေးဘဲ ဈေးခေါင်း ဦးမာမတ်အလီ က တစ်ဦးတည်း ဝယ်ယူပြီး ဈေးအဆမတန်တင်၍ ဈေးသည်များကို ပြန်ရောင်းသည်။ ဈေးသည်များက ရခိုင်လူမျိုးများထံမှ တိုက်ရိုက်ဝယ်ယူလျှင် ဈေးထဲတွင် ပြန်လည်ရောင်းချခွင့် မပေးသည့်အပြင် ဈေးသည်ကို ဖုံညိုလိပ်ဈေးတွင် အရောင်းအဝယ် ပြုခြင်းပင် ပိတ်ပင်လေ့ရှိသည်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဦးအီဆုဖ်အလီ (ဘ) ဦးအော်လီအာမတ် (အသက် ၄၃ နှစ်) က ဈေးခေါင်း ဦးမာမတ်အလီ ထံမှ မဝယ်ဘဲ ကျောက်တော်မြို့မှ ကွမ်းရွက်လာရောင်းသော ရခိုင်လူမျိုးတစ်ဦးထံမှ ကွမ်းရွက်များ တိုက်ရိုက်ဝယ်ယူ၍ ရောင်းချနေစဉ် ဈေးခေါင်း ဦးမာမတ်အလီ က ဦးအီဆုဖ်အလီ ကို ကွမ်းရောင်းခွင့် မပေးတော့သည့်အပြင် ယင်းနေ့မှစ၍ ဖုံညိုလိပ်ဈေးတွင် အရောင်းအဝယ် လုပ်ခွင့်ပင် ပိတ်ပင်လိုက်သည်။ 

ဦးအီဆုဖ်အလီ သည် ယခင်နှစ်များကပင် ဖုံညိုလိပ်ဈေးတွင် အရောင်းအဝယ် ပြုလုပ်၍ အသက်မွေးကျောင်းပြုနေသည့် ဆင်းရဲသားဈေးသည် တစ်ဦးဖြစ်သည်။ ဈေးရောင်းချခွင့် ပိတ်ပင်ခံရသောကြောင့် ၎င်း၏ မိသားစု စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ