မောင်တော မြို့ဦး (ဧတာလျာ) ကျေးရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ပိတ်ဆို့စစ်ဆေး
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စုကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ပိတ်ဆို့ စစ်ဆေးခဲ့သည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခန့်တွင် မောင်တောမြို့နယ် (ဧတာလျာ) ကျေးရွာအုပ်စု ဧတာလျာရွာသို့ ၃ မိုင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် ဝေသာလီ စခန်းမှ စစ်သား အင်အား ၁၀၀ ခန့် ရောက်ရှိလာပြီး ရွာကို ဝန်းရံထားကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို တွေ့ဆုံခဲ့သည်။ 

ထို့နောက် ရွာသူရွာသားများ အားလုံးကို အိမ်ထောင်စုစာရင်းနှင့်တကွ ရွာအလယ်တစ်နေရာတွင် စုခိုင်းပြီး၊ နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် အဖွဲ့များခွဲ၍ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အတူ နေအိမ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲအချို့က ရွာအလယ်တွင် စုထားသည့် ရွာသူရွာသားများကို အိမ်ထောင်စုစာရင်းနှင့် တိုက်၍ စစ်ဆေးခဲ့သည်။ ကလေး၊ သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုးသမီး အားလုံး နေ့လည် ၃ နာရီကျော်သည်အထိ အစားအသောက် လုံး၀ မစားရဘဲ စစ်ဆေးပြီးသည့်အထိ စောင့်ခဲ့ရသည်။

စစ်ဆေးစဉ် အထောက်အထားမဲ့ လူ၊ တရားမဝင် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ထားသည့် နေ့လည်စာကို စားသုံးပြီး နေ့လည် ၃း၃၀ နာရီအချိန်တွင် ရွာမှ ပြန်လည်ထွက်ခွာသွားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ