မောင်တော မြောတောင် ရွာသို့ အစိုးရ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဝင်ရောက်၍ နှစ်ရက်တိုင်တိုင် စစ်ဆေး
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောတောင်ကျေးရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နှစ်ရက်တိုင်တိုင် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် ၉ နာရီတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မြောတောင်ကျေးရွာအုပ်စုသို့ တပ်မတော် တပ်ရင်း ၅၆၅ မှ စစ်သားများ၊ ငန်းချောင်းနှင့် ကြက်ရိုးပြင် ကြားရှိ ရေကျော်တံတား အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များနှင့် ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲမှူးနှင့်အဖွဲ့တို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ခေါ်ယူတွေ့ဆုံခဲ့သည်။ 

ထို့နောက် စစ်သားများနှင့် တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များသည် ကျေးရွာမှ ဟင်းသီးဟင်းရွက် အချို့ တောင်းယူကာ နေ့လည်စာကို အဖွဲ့လိုက် သီးသန့် ချက်ပြုတ်စားသောက်ကြသည်။ နေ့လည် ၁၂ နာရီအချိန်တွင် ရွက်ညိုတောင် ကင်းစခန်းမှ ရဲမှူးက ၎င်းနှင့် ၎င်း၏ တပ်ဖွဲ့ဝင် ၂၅ ဦးအတွက် နေ့လည်စာ စီစဉ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးကို အမိန့်ပေးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားနှစ်ဦးကို ၎င်းတို့အတွက် နေ့လည်စာ စီစဉ်ပေးရန် တာဝန်ပေးအပ်ခဲ့သည်။ 

တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ တောင်ရွာ (သလူချောင်း) သို့သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးစီနှင့်အတူ ၃ ဖွဲ့ခွဲ၍ တစ်အိမ်တက်ဆင်း ဝင်ရောက် စစ်ဆေးခဲ့သည်။ နေအိမ်များမှ မိသားစုဝင်များကို အိမ်ရှေ့ထွက်ခိုင်းပြီး စစ်ဆေး၍ ဓါတ်ပုံရိုက်ယူခဲ့သည်။ 

တပ်ဖွဲ့ဝင်များသည် အိမ်အလွတ်များပါ မကျန် ဝင်ရောက် စစ်ဆေး၍ ဓါတ်ပုံရိုက်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

နေ့လည် ၂ နာရီကျော်အချိန်တွင် စစ်ဆေးပြီးဆုံး၍ ရဲမှူးနှင့် ၂၅ ဦး အဖွဲ့ နေ့လည်စာ စားသုံး၍ ညနေ ၄း၃၀ နာရီ အချိန်တွင် စစ်သားများ၊ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များနှင့် ရဲမှူးတို့ အဖွဲ့သည် ၎င်းတို့၏ စခန်းအသီးသီးသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါ အဖွဲ့ (၃) ဖွဲ့သည် မြောတောင်ကျေးရွာသို့ ပြန်လည် ရောက်ရှိလာပြီး၊ ပထမနေ့က အတိုင်း အဖွဲ့နှစ်ဖွဲ့ခွဲကာ အလယ်ရွာနှင့် မြောက်ရွာကို စစ်ဆေးခဲ့သည်။ နေ့လည် ၁၂ နာရီတွင် ရဲမှူးနှင့်အဖွဲ့က “ငါတို့အတွက် နေ့လည်စာ စီစဉ်ထားလား” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို မေးမြန်းရာ “စီစဉ်ထားတာမရှိဘူး” ဟု ပြန်လည် ဖြေကြားသဖြင့် နေ့လည် ၂ နာရီအချိန်တွင် စခန်းသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် ရွာထဲတွင် ညနေ ၄း၃၀ ထိနေပြီး၊ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များ စခန်းသို့ ပြန်သွားသော်လည်း၊ စစ်သားများသည် သလူချောင်း တောင်ဘက်ရှိ ပုဇွန်ကန်တဲတွင် ညအိပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ