မောင်တော ဒါးရှည်ရွာတွင် ဖမ်းမိသည့် စိတ်ကြွဆေးပြားများမှာ ပိုင်ရှင်မဲ့ဖြစ်ပြီး ဗလီခြံဝင်းအတွင်း တွေ့ရှိခဲ့ခြင်းမဟုတ်
မင်းနိုင်ဦး Rohingya Today
မြန်မာတိုင်းမ်မှ မှားယွင်းစွာ ရေးသားဖော်ပြထားသည့် သတင်း

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လှဘော်ဇားကျေးရွာအုပ်စု၊ ဒါးရှည်ရွာတွင် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများ ရရှိပြီး၊ ရာအိမ်မှူးနှင့် ဘာသာပြန်ပေးသူကို ဖမ်းဆီးထားသည်။ စိတ်ကြွဆေးပြားများကို ဗလီခြံဝင်းအတွင်း တွေ့ရှိခြင်း မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နေ့လည် ၂ နာရီကျော်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ စခန်း အမှတ် (၆)၊ ပေါင်းဇားနှင့် လှဘော်ဇား စခန်းများမှ နယ်ခြားစောင့်ရဲများသည် လှဘော်ဇားကျေးရွာအုပ်စု ဒါးရှည်ရွာသို့ ရောက်ရှိလာပြီး ရွာကို ဝန်းရံခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများသည် ရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းပြီး၊ အုပ်ချုပ်ရေးမှူးဖြစ်သူသည် ယင်းကျေးရွာတွင် နေထိုင်ခြင်းမရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး ဦးအာဘူတာဟဲရ် ကို ၎င်းတို့အတူ ရှိနေရန် ခေါ်လာသည်။ ရာအိမ်မှူးက ဗမာစကားပီပီသသ ပြောဆိုတတ်သူ ဦးမုစ်တာအာမတ်ကို ဘာသာပြန်ပေးရန်အတွက် အတူခေါ်လာခဲ့သည်။ 

နယ်ခြားစောင့်ရဲများသည် သတင်းအရ ရွာကို ဝန်းရံ၍ ရှာဖွေခြင်းဖြစ်ပြီး ဗလီနှင့် ကိုက် ၅၀၀ ခန့် အကွာရှိ ဆူးချုံကို ရှာဖွေရာ ဆူးချုံထဲမှ WY စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့သည်။ 

နယ်ခြားစောင့်ရဲများက စိတ်ကြွဆေးပြားများကို ဆူးချုံထဲမှ ထုတ်ယူပြီးနောက် ရာအိမ်မှူး ဦးအာဘူတာဟဲရ်နှင့် ဘာသာပြန် မုစ်တာအာမတ် တို့ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သည်။

ဤသတင်းနှင့် ပတ်သက်၍ လူမျိုးရေးခွဲခြားမှု ပြင်းပြသည့်စိတ်ဖြင့် ရိုဟင်ဂျာများကို ဘင်္ဂါလီဟု ရေးသား၍ သတင်းရေးလေ့ရှိသည် မြန်မာတိုင်းမ် က “ဗလီကျောင်းပျက်အတွင်းရှိ ဆူးချုံထဲမှ ကျပ်သိန်း ၃၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ” ခေါင်းစဉ်ဖြင့် စိတ်ကြွဆေးပြားများကို ဗလီခြံဝင်းအတွင်းရှိ ဆူးချုံထဲမှ သိမ်းဆည်းရမိသည်ဟု မှားယွင်းစွာ ရေးသားထားသည်။ ထို့အပြင် အပြစ်မဲ့များဖြစ်သည့် ရာအိမ်မှူးနှင့် ဘာသာပြန်ကိုလည်း တရားခံများ ဖြစ်သည်ဟု ရေးသားထားသည်။ 

မြန်မာတိုင်းမ်၌ ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ ရွာသားတစ်ဦးက “အဲဒီ WY တွေက ပိုင်ရှင်မဲ့တွေ၊ ဘယ်သူအဲဒီမှာ ထားလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ရာအိမ်မှူး အာဘူတာဟဲရ်၊ ဘာသာပြန် သွားလုပ်ပေးတဲ့ မုစ်တာအာမတ် တို့နဲ့ ဘာမှ မဆိုင်ဘူး။ ပြီးတော့ ဗလီခြံဝင်းထဲမှာ တွေ့တာ လုံး၀ မဟုတ်ပါဘူး။ ဗလီနဲ့ အနည်းဆုံး ကိုက်ငါးရာ အကွာမှာ တွေ့တာပါ။” ဟု Rohingya Today သို့ပြောသည်။ 

ရာအိမ်မှူး ဦးအာဘူတာဟဲရ်နှင့် ဘာသာပြန် ဦးမုစ်တာအာမတ် တို့ကို နယ်ခြားစောင့်ရဲများက ကျောက်လှေကားရှိ နယ်မြေစခန်း အမှတ် (၆) သို့ခေါ်ဆောင်သွားပြီး၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် တရားရုံးမှ ရမန်ယူ၍ ချုပ်နှောင်ထားသည်။ 

မောင်တောခရိုင်မှ ရိုဟင်ဂျာများကို သွားလာခွင့် ကန့်သတ်ထားသည်မှာ ၁၉၉၂ ခုနှစ်ကတည်းပင် ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေးမြို့များသို့ သွားရောက်၍ စိတ်ကြွဆေးပြားများ သယ်ယူလာနိုင်ခြင်း မရှိပေ။ စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားသူများသည် စစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အခြားသော ဌာနဆိုင်ရာများနှင့် အစုစပ် လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ တပ်မတော်အရာရှိများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများ၊ ဌာနဆိုင်ရာ အရာရှိများက ပြည်မမှ သယ်ဆောင်လာပေးပြီး၊ ၎င်းတို့နှင့် အစုစပ်လုပ်ကိုင်သည့် ဒေသခံများက တဖက်နိုင်ငံသို့ သယ်ဆောင် ရောင်းချပေးသည်။ ဤလုပ်ငန်းတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးသမားများစွာ ပါဝင် ပတ်သက်နေခြင်းကြောင့် နှစ်နိုင်ငံစလုံးမှ ထိထိရောက်ရောက် နှိမ်နင်းခြင်း မရှိဟု လေ့လာသူများက ဆိုကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ