ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မလေးရှားသို့ စက်လှေဖြင့် ထွက်ခွာနေသည့် နောက်ထပ် ရိုဟင်ဂျာ (၂၂) ဦးကို ရပ်တန့်နိုင်ခဲ့
ရှား Rohingya Today
မလေးရှားနိုင်ငံသို့ စက်လှေဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာ (၂၂) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရပ်တန့်ပြီးနောက် ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - Teknaf News)

မလေးရှားနိုင်ငံသို့ စက်လှေဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာ (၂၂) ဦးကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က ရပ်တန့်နိုင်ခဲ့ပြီး၊ (၃) ရက်အတွင်း ဒုတိယအကြိမ်မြောက် ရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့က မြန်မာနိုင်ငံနယ်စပ်နှင့် ဘင်္ဂလားပင်လယ်အော် ကမ်းခြေအနီးရှိ ရွာတစ်ရွာတွင် ရိုဟင်ဂျာအမျိုးသမီး (၁၁) ဦး၊ ကလေး (၁၀) ဦးနှင့် အမျိုးသား (၁) ဦးတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များက ရှာတွေ့ခဲ့သည်။

၎င်းတို့ (၂၂) ဦးသည် စက်လှေငယ်ဖြင့် အန္တရာယ်ကြီးမားသည့် ခရီးသွားရန်အတွက် လူကုန်ကူးသူကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ စီပေးထားသည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက ပြောသည်။ လူကုန်ကူးသူများသည် နယ်ခြားစောင့်တပ် မရောက်မီ ထွက်ပြေးသွားခဲ့သည်။ 

“လူကုန်ကူးသူတွေက ဒုက္ခသည်တွေဆီက ရတာအကုန်ယူသွားတယ်” ဟု နယ်ခြားစောင့်တပ်၏ တပ်ခ်နာဖ်မြို့ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး အာဆာဒူဇမန်ချောင်ဒရီက AFP သတင်းဌာနကို ပြောပါသည်။

အမျိုးသမီးငယ်များသည် ပြည့်တန်ဆာလုပ်ငန်းသို့ အတင်းအဓမ္မ ပို့ဆောင်ရနိုင်ဖွယ်ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ လူကုန်ကူးမှုကို ပြင်းပြင်းထန်ထန် တားဆီးအရေးယူလျက်ရှိပြီး၊ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ စတုတ္တအကြိမ်မြောက် ရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် သောကြာနေ့ ဖေဖော်ဝါရီလ (၃၀) ရက်နေ့ကလည်း ရိုဟင်ဂျာဒုက္ခသည် (၃၀) ဦးကို နယ်ခြားစောင့်တပ်က ရပ်တန့်နိုင်ခဲ့ပြီး၊ ၎င်းတို့ ခိုလှုံနေသည့် ဒုက္ခသည်စခန်းများသို့ ပြန်ပို့ခဲ့သည်။

မတ်လကုန်သည့် အချိန်ထိ ဘင်္ဂလားပင်လယ်အော် ငြိမ်သက်နေမည် ဖြစ်ပြီး လူကုန်ကူးသူများ၏ စည်းရုံးမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များ မလေးရှားနိုင်ငံသို့ စက်လှေများဖြင့် ထွက်ခွာမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်နေကြသည်။ 

“နိုင်ငံတကာက ဖွဲ့စည်းထားတဲ့ တရားမဝင်လုပ်ငန်း” က စိုးရိမ်ဖွယ်ရာဖြစ်နေသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းများကို အနိုင်ကျင့် အမြတ်ထုတ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ မဟာမင်းကြီး မိုဟာမတ်အာဘူကာလာမ် က ပြောသည်။ 

“ဒုက္ခသည်တွေကို လိမ်ညာပြီး ကတိတွေပေး စည်းရုံးတယ်၊ သူတို့က ရိုးရှင်းတယ်၊ ဒီပင်လယ်ပြင် ခရီးက ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာကို မသိကြဘူး” ဟု ၎င်းက AFP ကို ပြောပါသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၉၁/၉၂ ခုနှစ် နောက်ပိုင်းတွင် ထွက်ပြေးခိုလှုံသည့် ဒုက္ခသည် နှစ်သိန်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ထွက်ပြေးခိုလှုံသည့် ဒုက္ခသည်တစ်သိန်းနီးပါး ၂၀၁၇ ခုနှစ်တွင် ထွက်ပြေးခိုလှုံသည့် ဒုက္ခသည် ၇ သိန်းကျော်၊ စုစုပေါင်း တစ်သန်းကျော် ခိုလှုံလျက်ရှိသည်။ ၂၀၁၅ ခုနှစ် မတိုင်မီက ထောင်ပေါင်းများစွာ လူကုန်ကူးခံခဲ့ရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ