မောင်တောမှ ယာဉ်ထိန်းရဲများက ရိုဟင်ဂျာလူငယ်တစ်ဦးထံမှ ငွေညှစ်
အေးဇော် Rohingya Today
ဖေဖော်ဝါရီလ (၉) ရက်နေ့က မောင်တောမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် ရိုဟင်ဂျာတစ်ဦးထံမှ ငွေညှစ်ရန် ကြိုးစားနေသည့် ယာဉ်ထိန်းရဲနှင့် လူအုပ်

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတစ်ဦးက ရိုဟင်ဂျာလူငယ်တစ်ဦးထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဦးကာလာမ်၏ သားဖြစ်သူ မောင်အင်မရာန်သည် အမှတ် (၄) ရပ်ကွက် (မြို့မအရှေ့ရပ်ကွက်) ရှိ မြို့မဘောလုံးကွင်း၏ မြောက်ဘက် လမ်းမှ ဆိုင်ကယ်စီး သွားနေစဉ် ဘောလုံးကွင်း၏ အရှေ့မြောက်ဘက်ရှိ ခွဆုံ၌ ထိုင်စောင့်နေသည့် ယာဉ်ထိန်းရဲက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးခြင်းကြောင့် ငွေကျပ် နှစ်သိန်း ပေးရမည်ဟု ဆိုသည်။ 

မောင်အင်မရာန်က ယာဉ်ထိန်းရဲတောင်းသည့် ငွေပမာဏကို ပေးရန် ငြင်းဆန်ရာ ယာဉ်ထိန်းရဲက ယာဉ်စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရလျှင် ငွေအမြောက်အမြားကုန်ကျမည့်အပြင် ထောင်ဒဏ်ပါကျခံရမည်ဟု အမျိုးမျိုး ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေးလိုက်ရသည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

မောင်တောမြို့ပေါ်ရှိ ယာဉ်ထိန်းရဲများသည် ရိုဟင်ဂျာများ ဆိုင်ကယ်၊ CNG ဖြင့် အသွားအလာများသည့် လမ်းများတွင် ယူနီဖောင်း မဝတ်ဘဲ ပုန်းအောင်း နေကြပြီး၊ တွေ့သည့် ဆိုင်ကယ် (သို့မဟုတ်) CNG ကို တား၍ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်လေ့ရှိသည်။ 

လူမျိုးရေး ခွဲခြား ပစ်မှတ်ထားပြီး ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းထံမှ ယခုကဲ့သို့ ငွေညှစ်နေခြင်း ဖြစ်သည်။ ယာဉ်ထိန်းရဲများက ၎င်းတို့အား နေပြည်တော်မှ အမိန့်ပေးထားသောကြောင့် ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ