မောင်တော ပန်းတောပြင်ရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေး
မင်းနိုင်ဦး Rohingya Today
မောင်တော ပန်းတောပြင်ရွာမှ ရိုဟင်ဂျာမိသားစုတစ်စု ၎င်းတို့နေအိမ်ရှေ့တွင် ရပ်နေကြစဉ် (ဓါတ်ပုံ - AFP)

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောင်ပြင်ရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက် စစ်ဆေးခဲ့သည်။ 

ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် ၉ နာရီခန့်အချိန်တွင် စစ်တပ်မှ ဒုတပ်ရင်းမှူးတစ်ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးတစ်ဦးတို့ ဦးဆောင်၍ စစ်သားနှင့် နယ်ခြားစောင့်ရဲ အင်အား ၁၂၀ ခန့်သည် မောင်တောမြို့နယ်၊ ပန်းတောပြင်ကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ခေါ်၍ အနောက်ရွာသို့ သွားရောက်ပြီး ရွာသားများ အားလုံးနှင့် အိမ်များကို စစ်ဆေးခဲ့သည်။ 

“ရွာသားအားလုံး ကလေး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် တစ်ယောက်မကျန်ပေါ့။ အိမ်ထောင်စုစာရင်းနဲ့တကွ ခွဆုံကို ခေါ်ထုတ်လာတယ်။ ပြီးတော့ စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေက အဖွဲ့တွေခွဲပြီး ရွာအုပ်ချုပ်ရေးက တစ်ယောက်စီ အတူခေါ်ပြီး အိမ်တွေကို ဝင်စစ်တယ်” ဟု ရွာသားတစ်ဦးက Rohingya Today သို့ပြောသည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အိမ်များကို စစ်ဆေးပြီးနောက် တပ်ဖွဲ့ဝင်များ အားလုံး ပြန်စု၍ ယင်းရွာ၌ပင် နေ့လည်စာ စားသောက်ခဲ့သည်။ နေ့လည်စာကို ကျေးရွာအုပ်ချုပ်ရေးမှူးက စီစဉ်ပေးရပြီး၊ ကြက်၊ ဆန်၊ ဆီ၊ ရေသန့်ဘူး၊ အချိုရည်၊ ကွမ်း၊ ဆေးလိပ် အားလုံး စီစဉ်ပေးရသည်။ ၎င်းတို့ စားသောက်စရိတ် ကုန်ကျငွေ သုံးသိန်းကျော်ရှိမည်ဟု ရွာလူကြီးတစ်ဦးက ခန့်မှန်းသည်။ 

နေ့လည် ၂ နာရီတွင် တပ်ဖွဲ့ဝင်များသည် အလယ်ရွာ (ရွာကြီး) သို့ သွားရောက်၍ ရွာသားများ အားလုံးကို စာသင်ကျောင်းရှေ့တွင် စုစေခဲ့ပြီး၊ အိမ်များကို မွှေနှောက် ရှာဖွေခဲ့သည်။ ညနေ ၅ နာရီကျော်အထိ စိတ်တိုင်းကျ ရှာဖွေပြီးနောက် ပြန်လည်ထွက်ခွာသွားကြသည်။ 

နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် ခိုးယူမှု၊ ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ရွာသားများက ကြောက်ရွံ့၍ မပြောခြင်း ဖြစ်သည်ဟု မောင်တောမြို့ပေါ်မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူများက သုံးသပ်နေကြသည်။ 

“စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေက ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို ဝင်စစ်ရင် တန်ဖိုးကြီးတာ တွေ့တာနဲ့ ခိုးတယ်။ အိမ်ရှင်ရှေ့ယူရင်တော့ လုတယ်ပေါ့ဗျာ။ ပြီးတော့ သယ်ယူသွားလို့ မရတဲ့ ပစ္စည်းတွေဆိုရင် ဖျက်ဆီးပစ်တယ်။ အဓိက အမုန်းတရားကို ရှေ့တန်းတင်ပြီး လုပ်တာပေါ့။ အခု ဒီနေ့ ပန်းတောပြင်မှာ ရွာနှစ်ရွာ ဝင်စစ်တာ ဘာအသံမှ မကြားရဘူး။ မကြားရတာကို မယုံနိုင်ဖြစ်နေတယ်။ ကျွန်တော်ထင်တာကတော့ ရွာသားတွေကို ခြောက်ထားတာ ရှိမယ်။ အဲဒါကြောင့် သူတို့ ပြောဖို့ ကြောက်နေပြီး၊ မပြောတာ ဖြစ်နိုင်တယ်” ဟု မောင်တောမြို့နယ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဦးဝင်းမြင့်က သုံးသပ်ပြောဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ