ရသေ့တောင် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက်တွင် မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲ
ရန်နိုင် Rohingya Today
မိုင်းပေါက်ကွဲပြီးနောက် ရရှိသည့် ဘက်ထရီနှင့်ချိတ်ဆက်ထားသည့် ကိရိယာများ

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက်ရှိ ရေကန်အနီး လမ်းဘေးတွင် မိုင်း ၂ လုံးပေါက်ကွဲခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နေ့လည် ၁၂း၄၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက်တွင် ရှိသည့် ရေကန်အနီး လမ်းဘေးတွင် မိုင်း ၂ လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

Mine blast in Rathedaung
မိုင်းပေါက်ကွဲသည့်နေရာ

နေ့လည် ၁၂ နာရီကျော်တွင် ရသေ့တောင်မြို့နယ် အုတ်ဖိုကျေးရွာအုပ်စုမှ စစ်သားများနှင့် နယ်ခြားစောင့်ရဲ အင်အား ၁၀၀ ကျော်တို့သည် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာကို ဖြတ်သန်း၍ ဆင်ခုန်းတိုင် ရခိုင်ရွာသို့ သွားနေစဉ် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက်ရှိ သောက်ရေကန်အနီးသို့ ရောက်သည့်အချိန်တွင် လမ်းဘေးမှ မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။ 

“မိုင်းပေါက်ကွဲပြီးပြီးချင်း စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေက ရိုဟင်ဂျာရွာဘက်ကို သေနတ်နဲ့ ချိန်ထားခဲ့တယ်။ ဒါပေမယ့် တပ်ရင်းမှူးက ပစ်ခွင့်မပေးလို့ မပစ်ခဲ့ဘူး။ ရခိုင်ရွာဘက်က ရွာသားအုပ်စုတစ်စုကတော့ ရွာအဝမှာရှိတဲ့ တောင်ကုန်းကနေ စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေကို စောင့်ကြည့်နေခဲ့တယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

Mine blast in Rathedaung
မိုင်းပေါက်ကွဲပြီးနောက် ရရှိသည့် ဘက်ထရီနှင့် အခြားပစ္စည်းများ 

တပ်ရင်းမှူးက တပ်ဖွဲ့ဝင်များနှင့်အတူ ရိုဟင်ဂျာရွာထဲသို့ ဝင်ရောက်လာပြီး ရပ်မိရပ်ဖများကို ခေါ်ကာ ယခုပေါက်ကွဲမှုသည် မွတ်စလင်များ၏ လက်ချက်မဟုတ်သည်ကို မိမိတို့ သိရှိကြောင်း၊ ရခိုင်များ၏ လက်ချက်သာ ဖြစ်သည်ကို မိမိတို့သိကြောင်း၊ ယခုကဲ့သို့ မွတ်စလင်ရွာအနီးအနားတွင် မိုင်းထောင် ဖောက်ခွဲခြင်းသည် မွတ်စလင်များနှင့် စစ်တပ်အကြား ရန်တိုက်ပေးခြင်းသာ ဖြစ်ကြောင်း၊ ရခိုင်များက ရန်ရှာနိုင်သဖြင့် သတိရှိရှိ နေကြရန် လိုကြောင်း ပြောကြားခဲ့သည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေ့လည် ၂ နာရီအချိန်တွင် ဆင်ခုန်းတိုင် ရခိုင်ရွာဘက်သို့ မသွားတော့ဘဲ ဆင်ခုန်းတိုင်ကျေးရွာ မြောက်ဘက်ရှိ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့၏ နယ်နိမိတ် ဖြစ်သည့် အောင်စာချောင်းကို ကူး၍ ဘူးသီးတောင်နယ်ဘက်သို့ ကူးဝင်သွားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ