မောင်တော ဦးရှည့်ကျကျေးရွာ၌ အိမ်တစ်လုံး မီးလောင်
အေးဇော် Rohingya Today
ဦးရှည့်ကျကျေးရွာတွင် မီးလောင်ကျွမ်းသွားသည့် အိမ်

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဦးရှည့်ကျကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ ယင်းနေအိမ်တွင် နေထိုင်သည့် မိသားစုဝင်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးလျက်ရှိသည်။

မောင်တောမြို့နယ် ဦးရှည့်ကျကျေးရွာအုပ်စုမှ ဦးဖုရ်ကာန်အူလ္လာ (ဘ) ဦးအာမာန်အူလ္လာနှင့် မိသားစုသည် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံလျက်ရှိပြီး၊ ၎င်း၏ နေအိမ်တွင် ရေတွင်းကျွန်းကျေးရွာအုပ်စု အ.ထ.စ အမှတ် (၅၇၄) မှ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးရော်ရှိတ်အာမတ် တို့မိသားစုဝင် (၅) ဦး ယာယီနေထိုင်လျက်ရှိသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ယင်းနေအိမ်၏ မီးဖိုခန်းမှ မီးစလောင်ကျွမ်းပြီး၊ တစ်အိမ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။ 

မီးလောင်နေစဉ် ယာယီနေထိုင်နေသည့် မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ ဦးရှောမ်ရှုအာလောမ် သည် ၎င်း၏ ပျောက်ဆုံးနေသည့် နွားကို ရှာရန်အတွက် ကျားခေါင်းတောင်ကျေးရွာသို့ ရောက်ရှိနေခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက်ပိုင်းအထိ နေအိမ်သို့ ပြန်ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။ 

ယနေ့ နံနက်ပိုင်းတွင် ဦးရှော်မ်ရှုအာလောမ်၏ ဇနီးကို ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်း (၅) သို့ ခေါ်ယူ၍ စစ်ဆေးနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

မီးလောင်ကျွမ်းသွားသည့် အိမ်မှာ အလျား ပေ ၃၀၊ အနံ ၁၈ ပေ၊ မြေခင်း၊ ဝါးထရံအကာနှင့် ဓနိမိုး ဖြစ်သည်။ 

နောက်ဆက်တွဲသတင်း ။ ။ 

ဦးရှောမ်ရှုအာလောမ်၏ ဇနီးနှင့် သမီးပျိုတို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ဆင့်ခေါ်၍ နယ်ခြားစောင့်ရဲများက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ