ဘူးသီးတောင် ငကျဉ်တောက်မှ တဖက်နိုင်ငံသို့ သွားရောက် ခိုလှုံနေသူများ၏ အိမ်ကြီးများကို ဖြိုဖျက်၍ သစ်မာများကို ရောင်းစားနေ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ သတင်းပေးတစ်ဦးက ရဲများနှင့် ရင်းနှီးသည်ကို အကြောင်းပြ၍ ငကျဉ်တောက်ကျေးရွာမှ ရိုဟင်ဂျာများ၏ အိမ်များကို ဖြိုဖျက်ပြီး သစ်များကို ဘူးသီးတောင်မြို့သို့ သယ်ယူ၍ ရောင်းစားနေသည်။

Abdul Rahman alias Kyaw Thu
အဒူရော်မာန် (ခ) ကျော်သူ

ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ ရွာသစ်မှ အဒူရော်မာန် (ခ) ကျော်သူ သည် ဘူးသီးတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ လက်ကိုင်တုတ်တစ်ဦး ဖြစ်ပြီး၊ ရဲစခန်းမှ ရဲများ၏ ခွင့်ပြုချက်အရဟု ဆိုကာ ငကျဉ်တောက်ကျေးရွာသို့ အလုပ်သမားများနှင့်အတူ သွားရောက်၍ သစ်မာများဖြင့် ဆောက်လုပ်ထားသည့် အိမ်ကြီးများကို ဖြိုဖျက်ပြီး သစ်များကို ဘူးသီးတောင်မြို့ပေါ်သို့ သယ်ဆောင်လာသည်။

သယ်ဆောင်လာသည့် သစ်များကို အမှတ် (၅) ရပ်ကွက်ရှိ ရုလ်အာမီးန်၏ အိမ်နှင့် အခြားမိတ်ဆွေ သုံးဦး၏ နေအိမ်များတွင် စုထားပြီး ရောင်းချလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင်လည်း အိမ်ကြီးနှစ်လုံး ဖြိုဖျက်၍ သစ်များ ယူဆောင်သွားသည်ဟု ငကျဉ်တောက်တွင် ယခင်နေထိုင်ခဲ့သူများက ပြောပါသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းတွင် ငကျဉ်တောက်ကျေးရွာမှ ရိုဟင်ဂျာရွာသားအများစုသည် ၎င်းတို့ အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည်။ အချို့သည် အခြားရွာများရှိ ဆွေမျိုးသားချင်းများ၏ နေအိမ်များသို့ ပြောင်းရွှေ့၍ နေထိုင်လျက်ရှိသည်။ ရွာထဲတွင် လူတစ်ဦးတစ်ယောက်မှ နေထိုင်ခြင်း မရှိတော့ပေ။ ယင်းရွာတွင် ငွေကြေးတတ်နိုင်သူများက သစ်မာများဖြင့် ဆောက်လုပ်ထားသည့် အိမ်ကြီးများ အမြောက်အမြားရှိသည်။ 

“ကျော်သူက ကားနဲ့ အလုပ်သမားတွေ ခေါ်သွားတယ်။ အိမ်ကြီးတွေကို ဖြိုတယ်။ ပြီးတော့ သစ်တွေကို မြို့ပေါ် သယ်လာတယ်။ ဒီလို လုပ်နေတာ နှစ်လလောက်ရှိပြီ။ သူ့ကို လူတွေမေးရင် မြို့မရဲစခန်းက ခွင့်ပြုချက်နဲ့ လုပ်နေတာဆိုပြီး ပြောတယ်။ ရဲတွေရဲ့ တပည့်ဆိုတော့ ဟုတ်ချင်ဟုတ်မယ်။ သူကတော့ ရဲတွေကို ဝေစုပေးပြီး လုပ်နေတာ၊ ကြောက်စရာမလိုဘူးလို့လည်း ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ