ဘူးသီးတောင် ဦးလှဖေရွာတွင် ဆွဲ၊ တင်၊ စစ် ၌ ငွေကြေးအမြောက်အမြား ကောက်ခံနေသောကြောင့် ဆင်းရဲသားများ အခက်ကြုံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စုတွင် ဆွဲ၊ တင်၊ စစ် စစ်ဆေးရာတွင် ငွေကြေး အမြောက်အမြား ကောက်ခံနေသောကြောင့် ဆင်းရဲသားများ အခက်ကြုံနေရသည်။

ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာတွင် ဖေဖော်ဝါရီလ (၄) ရက်နေ့မှစ၍ ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိသည်။ ဦးလှဖေကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၇၀၀ ကျော်ရှိပြီး၊ ဆွဲ၊ တင်၊ စစ် စစ်ဆေးသည့် မ.က.ဖ အဖွဲ့ဝင်များအတွက် ထမင်းစရိတ်နှင့် ဓါတ်ပုံရိုက်ခ ဟု ဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀/- စီ ကောက်ခံလျက်ရှိသည်။ 

ယခင်နှစ်များက သေဆုံးသူကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ရန်အတွက် ငွေကြေးကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ၅၀၀၀/- ကျပ်၊ ကလေးမွေးတိုးတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀/- မှ ၂၀၀၀၀/- အထိ ကောက်ခံလျက်ရှိသည်။

“ကလေးမွေးတိုးအတွက် အရင်နှစ်တွေတုန်းက တစ်ထောင်ပဲ ယူခဲ့တယ်။ အခုတော့ ၁၀ ဆ၊ ၂၀ ဆ တိုးသွားပြီ။ မိဘနှစ်ယောက်လုံး အိမ်ထောင်စုစာရင်းတစ်ခုတည်းမှာ ရှိနေရင် တစ်သောင်း၊ မရှိရင် နှစ်သောင်း ပေးနေရတယ်” ဟု ရွာသားတစ်ဦးက Rohingya Today သို့ပြောသည်။ 

အိမ်ထောင်စုစာရင်းတစ်ခုမှ အခြားအိမ်ထောင်စုစာရင်းသို့ ပြောင်းဝင်လျှင် ငွေကျပ် ၃၀၀၀၀/-၊ ခရီးလွန်နေ၍ စစ်ဆေးမခံနိုင်လျှင် ငွေကျပ် ၅၀၀၀၀/- စီ ကောက်ခံနေသည်ဟု ဒေသခံရွာသားများက ပြောပါသည်။ 

ငွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာ က ကောက်ခံပြီး၊ ညနေပိုင်းတွင် ဆွဲ၊ တင်၊ စစ် လာရောက် စစ်ဆေးသည့် မ.က.ဖ များကို ဝေစုပေးသည်ဟု ဆိုသည်။ 

ယခုကဲ့သို့ ငွေကြေးအမြောက်အမြား ကောက်ခံမှုကြောင့် ဆင်းရဲသားများအတွက် အလွန်ပင် ခက်ခဲနေပြီး၊ စစ်ဆေးမခံလျှင် မ.က.ဖ အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ အမှုဆင်၍ ထောင်ချခြင်း ခံရမည်ကိုလည်း စိုးရိမ်ရသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ