ဟော်လီဝုဒ် မင်းသမီး အန်ဂျလီနာဂျိုလီ ကော့ဇ်ဘဇားသို့ သွားရောက်၍ မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အကြမ်းဖက်ခြင်းကို ခံခဲ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် တွေ့ဆုံ
ရှား Rohingya Today
ရိုဟင်ဂျာဒုက္ခသည် ကလေးတစ်ဦးကို အန်ဂျလီနာဂျိုလီက ဒုက္ခသည်စခန်းတွင် စကားပြောနေစဉ် (ဓါတ်ပုံ - Dhaka Tribue)

ဟော်လီဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးရက်ကြာခရီး ရောက်ရှိနေပြီး၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ လာမည့် ဗုဒ္ဓဟူးနေ့ထိ သွားရောက်မည်ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ၏ အထူးသံတမန် ဖြစ်သည့် အန်ဂျလီနာဂျိုလီသည် ကော့ဇ်ဘဇား လေဆိပ်သို့ တနင်္လာနေ့ နံနက်ပိုင်းတွင် ရောက်ရှိပြီး၊ ထိုမှတဆင့် တပ်ခ်နာဖ်မြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်၍ မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် တွေ့ဆုံခဲ့သည်။ 

၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး၊ လူသားချင်းစာနာသည့် အထောက်အပံ့များနှင့် ပတ်သက်၍ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ ရိုဟင်ဂျာဒုက္ခသည်များကို နေရာထိုင်ခင်းပေးထားသည့် ဘင်္ဂလားဒေ့ရှ်မှ ကြုံတွေ့နေရသည့် အခက်အခဲများကို လေ့လာမည် ဖြစ်သည်။

တနင်္လလာနေ့ နေ့လည် ၂ နာရီခန့်တွင် ချာခ်မာကူလ် ဒုက္ခသည်စခန်းသို့ သွားရောက်၍ မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းတွင် အရှိန်အဟုန်မြှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများနှင့် တွေ့ဆုံသည်။ 

ရိုဟင်ဂျာဒုက္ခသည် အသိုင်းအဝိုင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရရှီဒ်အုလ္လာက မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အကြမ်းဖက်မှုကို ခံရသည့် ရိုဟင်ဂျာအမျိုးသမီး အနည်းဆုံး ၃၀ ဦးနှင့် တွေ့ဆုံခဲ့ပြီး၊ ကလေးငယ်များစွာနှင့်လည်း တွေ့ဆုံခဲ့သည်ဟု Dhaka Tribune သတင်းဌာနကို ပြောသည်။

“မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေက သူတို့ကို လူမဆန်စွာ ပြုကျင့်ခဲ့တာတွေ ပြောပြတော့ ဂျိုလီက သူတို့ကိုဖက်ပြီး စိတ်ရှည်သည်းခံဖို့ တိုက်တွန်းတယ်” ဟု ၎င်းကဆိုသည်။

ရိုဟင်ဂျာဒုက္ခသည် လူငယ်တစ်ဦးဖြစ်သည့် ဇဟီရ်အဟမတ် က ဒုက္ခသည်စခန်းကို ဝင်ရောက်ပြီး၊ တာဝန်ရှိသူများ၊ ရိုဟင်ဂျာခေါင်းဆောင်များနှင့် NGO များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး၊ ဒုက္ခသည်စခန်းတွင် ၃ နာရီကြာ နေခဲ့သည်ဟု ပြောသည်။ 

UNHCR ၏ အထူးသံတမန်ဖြစ်သည့် ဂျိုလီသည် အတင်းအဓမ္မ ဖယ်ရှားခံရသည့် ဒုက္ခသည်များအရေးကို အထူးအလေးထားပြီး၊ ဒုက္ခသည်များအရေးအတွက် တာဝန်ဖြင့် အကြိမ် ၆၀ ခန့် သွားခဲ့ပြီး ဖြစ်သည်။

အင်္ဂါနေ့တွင် ကုသုပါလောင် တိုးချဲ့ ဒုက္ခသည်စခန်း အမှတ် (၄) သို့ သွားရောက်မည် ဖြစ်သည်။ ကုသုပါလောင် ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာဒုက္ခသည် ၆၂၀၀၀၀ ကျော် ခိုလှုံလျက်ရှိပြီး၊ လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့တွင် ဒါကာမြို့သွားရောက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ်ဒူမိုမန်တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ