အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၃၁ ဦးမှ အမျိုးသမီးများနှင့် ကလေးများ လွတ်မြောက်လာ
ရှား Rohingya Today
အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးများနှင့် ကလေးငယ်များ (ဓါတ်ပုံ - Neza Mudeen)

အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဇန်နဝါရီလ (၂၂) ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည် (၃၁) ဦးမှ အမျိုးသမီး (၈) ဦးနှင့် ကလေး (၁၇) ဦး ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ 

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များက စုပေါင်း အလှူငွေထည့်၍ အာမခံငွေပေးသွင်းခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းစီ အတွက် ရူပီးငွေ ၅၀၀၀/- စီပေးသွင်းရပြီး၊ ကလေးငယ်များအတွက် ပေးသွင်းရန် မလိုဟု နယူးယောက်မြို့ အခြေစိုက် ရိုဟင်ဂျာဒုက္ခသည်များကော်မီတီ၏ ဥက္ကဌ တာဝန်ယူထားသည် ဦးနေဇာမူဒင်းက Rohingya Today သို့ပြောသည်။ အမျိုးသမီး (၈) ဦးအတွက် ရူပီး ၄ သောင်းကို ခက်ခက်ခဲခဲဖြင့် စုဆောင်းခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို UNHCR က ဥပဒေပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အကုန်ကူညီပေးတယ်။ ဒါပေမယ့် အာမခံငွေကျတော့ သူတို့လည်း မကူညီနိုင်ဘူး။ အဲဒီတော့ ဖမ်းခံထားရတဲ့သူတွေရဲ့ နီးစပ်ရာဆွေမျိုးတွေ၊ ပြီးတော့ ဒီက ဒုက္ခသည်တွေက တစ်ယောက် ငါးရာ၊ တစ်ထောင် ဝိုင်းထည့်ပြီး ငွေပြည့်အောင် လုပ်ရတယ်” ဟု ဦးနေဇာမူဒင်းက ပြောပါသည်။ 

အမျိုးသမီး (၈) ဦးအတွက် အာမခံငွေကို ရိုဟင်ဂျာဒုက္ခသည်များက ဝိုင်းဝန်းကူညီခဲ့ကြောင်းကို အိန္ဒိယနိုင်ငံမှ PTI သတင်းတွင် ရေးသားထားသည်။ အမျိုးသား (၆) ဦးကို အိန္ဒိယအာဏာပိုင်များက ဆက်လက်ချုပ်နှောင်ထားပြီး တစ်ဦးချင်းစီအတွက် အာမခံငွေ ရူပီး ၃ သောင်းစီ ပေးသွင်းပါက ပြန်လည် လွှတ်ပေးမည်ဟု ဆိုသည်။

“၆ ယောက်အတွက် ဒီလောက်များတဲ့ငွေ ကျွန်တော်တို့ ဒုက္ခသည် ကွန်မြူနီတီထဲက ကောက်ဖို့မလွယ်ဘူး။ ဒီမှာ ကူညီမယ့်လူလည်း မရှိဘူး။ ရှေ့နေတွေကတော့ သူတို့ရဲ့ ကျွမ်းကျင်မှုပညာနဲ့ ကူညီနေတယ်။ ၆ ယောက်အတွက် တစ်သိန်းရှစ်သောင်း ရမှ သူတို့ လွတ်လာမယ်ဆိုတော့ ကျွန်တော်တို့လည်း အတော်လေး အကျပ်အတည်း တွေ့နေတယ်” ဟု ဦးနေဇာမူဒင်းက ဆက်လက်ပြောသည်။ 

ဖေဖော်ဝါရီလ (၃) ရက်နေ့က လူကုန်ကူးခံနေရဖွယ်ရှိသည့် ရိုဟင်ဂျာကလေးငယ် (၇) ဦးဖမ်းဆီးခံခဲ့ရပြီး၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထရိုက်ပူရာ - အာဆမ် နယ်စပ်တွင် (၃၀) ဦး ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ လွတ်မြောက်ရေး အတွက်လည်း အာမခံငွေပေးသွင်းမှသာ ဖြစ်နိုင်မည်ဟု ဒုက္ခသည်အသိုင်းအဝိုင်းက ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက လေးလအတွင်း ရိုဟင်ဂျာ (၁၂) ဦးကို မြန်မာအာဏာပိုင်များ လက်ထဲသို့ အပ်နှံခဲ့ခြင်းကြောင့် ယခုနှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၌ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းကျော် ခိုလှုံလျက်ရှိပြီး၊ ၁၈၀၀၀ ခန့်မှာ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးမှ တရားဝင် အသိအမှတ်ပြုထားသည့် ဒုက္ခသည်ကတ်ပြားများ ကိုင်ဆောင်ထားသည်။ အိန္ဒိယနိုင်ငံက ကုလသမဂ္ဂမှ ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်ပြား ကိုင်ဆောင်သူများကိုပါ ဖမ်းဆီး၍ မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်ခြင်းကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုခံနေရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ