မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု အဆုံးသတ်ရေးအတွက် နယူးယောက်မြို့တွင် ညီလာခံတစ်ရပ်ကျင်းပမည်
Free Rohingya Coalition

Angela Davis နှင့် Gayatri Chakravorty Spival အပါအဝင် ကမ္ဘာကျော်ပညာရှင်များ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒုက္ခသည်များက မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု အဆုံးသတ်ရေးအတွက် နယူးယောက်မြို့တွင် ညီလာခံတစ်ရပ်ကျင်းပမည်။

ကျော်ကြားသည့်တက်ကြွလှုပ်ရှားသူနှင့်ကမ္ဘာကျောပညာရှင်တစ်ဦးဖြစ်သည့် Angela Davis က မြန်မာနိုင်ငံကို ကမ္ဘာ့တဝှမ်းမှ သပိတ်မှောက်ကြရန်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအတိုင်း တာဝန်ကျေပြွန်ရန် ဗီဒီယိုမိန့်ခွန်းများ ပေးပို့တိုက်တွန်းထားကြသည်။ 

ချက်ချင်း (ကနဦး) ထုတ်ပြန်ကြေညာချက်
၂၀၁၉ ဖေဖော်ဝါရီလ (၄) ရက်

ဆက်သွယ်ရန် - မောင်ဇာနည်၊ +44 771 047 3322 | နေဆန်းလွင် - +49 176 62139138 

E-mail: [email protected] & Tweet @FreeRoCoalition 

နယူးယောက် ။ ။ ရိုဟင်ဂျာများကိုယ်တိုင်ဦးစီးသော ရိုဟင်ဂျာအရေးတွင် ကမ္ဘာ့ဦးဆောင်တက်ကြွလှုပ်ရှားသူများ အုပ်စုဖြစ်သည့် ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Rohingya Coalition – FRC) သည် မြန်မာနိုင်ငံမှလူနည်းစုများကို ကာကွယ်ပေးရန်နှင့် တာဝန်ခံမှုရှိရန်တို့အတွက် နိုင်ငံတကာညီလာခံကို ၂၀၁၉ ဖေဖော်ဝါရီလ ၈-၉ ရက်နေ့များတွင် နယူးယောက်မြို့၊ ဘားနဒ် ကောလိပ်၌ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံတကာပြစ်မှုဥပဒေပညာတတ်ကျွမ်းသည့် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မြန်မာ့အရေး ကျွမ်းကျင်သူများ တစ်နေရာတည်းတွင် စုဆုံသည့် ရှားပါးညီလာခံဖြစ်သည်။

၂၀၁၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့က စာမျက်နှာ ၄၄၀ ပါသည့် အစီရင်ခံစာကို ဂျနီဗာမြို့ရှိ လူ့အခွင့်အရေးကောင်စီတွင် ထုတ်ပြန်ခဲ့ပြီး၊ ဂုဏ်သရေပျက်နေသည့် လူ့အခွင့်အရေး သင်္ကေတ [အိုင်ကွန်] အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့က နိုင်ငံတကာဥပဒေအရ အကြီးမားဆုံးပြစ်မှုများကျူးလွန်ထားကြောင်း အထောက်အထားများ အလျှံအပယ်ရရှိထားသည်ဟု ၎င်းအစီရင်ခံစာတွင် ပါရှိသည်။ အထူးစိုးရိမ်ရသည့်အချက်များအဖြစ် ရိုဟင်ဂျာ၊ ကရင်၊ ကချင်၊ ရှမ်းနှင့် အခြားသော လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုတို့ ပါဝင်ပြီး၊ ဘေးဒုက္ခခံရသူအချို့ အမေရိကန်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးလာခဲ့ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသည့် ဒုက္ခသည်များ၏ လေးပုံတစ်ပုံမှာ မြန်မာနိုင်ငံမှ လူနည်းစု လူမျိုး/ဘာသာဝင်များ ဖြစ်ကြသည်။

“ဗုဒ္ဓဘာသာဟာ လူသားတွေရဲ့ဒုက္ခအတွက် အကြွင်းမဲ့ အကြင်နာမေတ္တာထားတဲ့ ဘာသာတစ်ခုဖြစ်တယ်၊ ပြီးတော့ အမြစ်တွယ်နေတဲ့ အမုန်းတရားတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရုပ်ပျက်သွားနိုင်တဲ့ကိစ္စကို လက်သင့်မခံနိုင်ဘူး” ဟု ညီလာခံကို စီစဉ်ကျင်းပသူတစ်ဦးဖြစ်သည့် ကိုလံဘီယာတက္ကသိုလ်မှ လူမှုဘာသာရပ် ပါမောက္ခ Gayatri Chakravorty Spivak က ပြောသည်။ “အသိစိတ်ဓါတ်ရှိတဲ့ ပညာရှင်တွေ၊ ပညာတတ်တွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို လျစ်လျူရှုလို့ မရဘူး။ ဒီရက်စက်ကြမ်းကြုတ်မှု အဆုံးသတ်ဖို့အတွက် (အသံ) ထွက်ပေးကြဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ကျွန်မတို့အနေနဲ့ တိုက်တွန်းပါတယ်” ဟု Spivak က ဖြည့်စွက်ပြောပါသည်။ 

ရိုဟင်ဂျာအမျိုးသမီးနှင့်မိန်းကလေးများကို မြန်မာ့တပ်မတော်မှ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့သည်များကို မှတ်တမ်းပြုစု၍ “Rape by Command” စာအုပ်ကို ရေးသားခဲ့သူဖြစ်သည့် FRC မှ ညှိနှိုင်းရေးမှူး Ms Razia Sultana က “တဖြည်းဖြည်းချင်းအရှိန်မြှင့်လာတဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို ကျွန်မတို့ရိုဟင်ဂျာတွေ ခံစားခဲ့ရတာပါ” ဟု ပြောသည်။ Ms Sultana ၏ မိဘများသည် ၁၉၇၀ ခုနှစ်များအတွင်း မြန်မာစစ်တပ်၏ လူမဆန်စွာ သုတ်သင်ရေး ပြုလုပ်စဉ် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သူများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြားသော လူမျိုးစုများသည်လည်း ပစ်မှတ်ထားခံနေရကြောင်းကို သူမက ယခုကဲ့သို့ ဖြည့်စွက်ပြောသည်။ “ကျွန်မတို့လူမျိုးတွေနဲ့ ရာစုနှစ်ပေါင်းများစွာ အတူနေခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေ ဖြစ်တဲ့ ကရင်နဲ့ ကချင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ခြင်းကနေ အလွတ်ပေးမခံရပါဘူး”။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့သည်များသည် ”လူမျိုးတုံးသတ်ဖြတ်မှု” ဖြစ်သည်ဟု အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်များက လွန်ခဲ့သည့် ဒီဇင်ဘာလတွင် တညီတညွတ်တည်း မဲထည့်၍ အတိအလင်း ကြေညာခဲ့သည်။ ထို့အတူ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် မြုပ်နှံထားသည့် ကျင်းများအကြောင်း သတင်းရေးသားမှုကြောင့် အောင်ဆန်းစုကြည် အစိုးရ၏အကျဉ်းချခြင်းကို ခံထားရသည့် ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦး တို့ကို လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံနေသည့် (ရခိုင်ဗုဒ္ဓဘာသာဝင်များ၏) ရက္ခိုင့်တပ်မတော်နှင့် အစိုးရ၏ တပ်များအကြား ဇန်နဝါရီလ အစောပိုင်းမှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။ “ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ICRC နဲ့ WFP ကလွဲပြီး ကျန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပြည်နယ်အစိုးရက ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ လုံး၀ လက်ခံနိုင်စရာ မရှိဘူး။ ဒါက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ခွင့်ပြုရမယ့်တာဝန်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာပဲ” ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခယန်ဟီးလီက ညီလာခံ စီစဉ်ဆောင်ရွက်နေသူများကို ပြောပါသည်။ 

နိုင်ငံတကာတွင် ကျော်ကြားသည့် တက်ကြွလှုပ်ရှားသူနှင့် ပညာရှင်ဖြစ်သူ Angela Davis က သူမအနေဖြင့် မြန်မာနိုင်ငံတွင် အဖိနှိပ်ခံအသိုင်းအဝိုင်းများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်းကို ယခုကဲ့သို့ ပြောသည်။ “ကျွန်မကတော့ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ၊ ကချင်၊ ကရင်နဲ့ ရခိုင်အပါအဝင် လူနည်းစုတွေအပေါ် ဖိနှိပ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေ မရပ်မချင်း သပိတ်မှောက်သွားမယ်”

ညီလာခံတွင် ဟောပြောမည့်သူ ၃၅ ဦး အနက် ပါဝင်သူအချို့မှာ --

- ယန်ဟီးလီ, မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
- Daniel Taylor, အောင်ဆန်းစုကြည်အား လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် သြစတြေးလျနိုင်ငံတွင် တရားစွဲဆိုရာ၌ တရားလိုပြုခဲ့သူ။
- ပါမောက္ခ Radhika Coomaraswamy, Global Study on the implementation of UNSC Resolution 1325, on Women, Peace & Security ကို ဦးဆောင်ရေးသားခဲ့သူ။
- ပါမောက္ခ Gregory Stanton, Genocide Watch ကို တည်ထောင်သူ၊ ဥက္ကဋ္ဌ
- Tapan Kumar Bose, အိန္ဒိယနိုင်ငံမှ ကျော်ကြားသည့် သတင်းထောက်၊ တက်ကြွလှုပ်ရှားသူနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ
- ဒေါက်တာ Jeff Crisp, UNHCR ၏ Policy Development and Evaluation အကြီးအကဲဟောင်း
- Ms May-Oo Mutraw, ကရင်အမျိုးသားအစည်းအရုံး၏ အကြံပေးပုဂ္ဂိုလ်
- ဒေါက်တာ Azeem Ibrahim, Rohingyas: Inside Myanmar’s Genocide စာအုပ်ရေးသားသူ။
- ဒေါက်တာဇာနည်, ထင်ရှားသည့် ဗုဒ္ဓဘာသာဝင် ပညာရှင်နှင့် တက်ကြွလှုပ်ရှားသူ၊ လူမျိုးတုံးသတ်ဖြတ်မှုကို အများမြင်လာစေရန် ဝီစီမှုတ်ပြသူ

အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုရန်လင့်ခ် ။ ။ 

https://totalwebcasting.com/view/?func=VOFF&id=barnard&date=2019-02-08&seq=1


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ