ပေါက်တော စစ်ကဲပြင်မှ ရိုက်နှက်ခံရသည့် ရိုဟင်ဂျာ ဆေးကုသခွင့်မရသောကြောင့် သေဆုံးသွား
ခင်မောင်နိုင် Rohingya Today
ဆေးကုသခွင့် မရသောကြောင့် သေဆုံးသွားသူ နူရ်အာလောမ် (သတိလစ်နေသည့်အချိန်က ရိုက်ကူးထားသည့်ပုံ)

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြေငူကျွန်း၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စစ်ကဲပြင်အောက်ရွာမှ ရိုဟင်ဂျာတစ်ဦးသည် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ထင်းခုတ်ရန် သွားနေစဉ် ရခိုင်ရွာသားတစ်ဦး၏ လူမဆန်စွာ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ဆေးကုသခွင့်မရသောကြောင့် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် သေဆုံးသွားသည်။

ပြိုင်းတောင်ကျေးရွာအုပ်စု၊ စစ်ကဲပြင်အောက်ရွာမှ နူရ်အာလောမ် (ဘ) ဦးယူဆုဖ် (အသက် ၂၈ နှစ်) သည် ဇန်နဝါရီလ (၃၀) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် စစ်ကဲပြင်အောက်ရွာနှင့် မနီးမဝေး၊ ရွာ၏ အရှေ့ဘက်တွင် တည်ရှိသော တောင်တွင် ထင်းခုတ်ရန် သွားနေစဉ် ပြိုင်းတောင် ရခိုင်ရွာမှ စိန်မှိုင်း (ဘ) ဦးသင်္ခါကျော် က နူရ်အာလောမ်၏ ဦးခေါင်းကို တုတ်ဖြင့် ရိုက်သဖြင့် ယင်းနေရာတွင်ပင် လဲကျသွားခဲ့သည်။

နူရ်အာလောမ် လဲကျသွားသော်လည်း စိန်မှိုင်းက တုတ်ဖြင့် စိတ်တိုင်းကျ ဆက်လက် ရိုက်နှက်ခြင်းကြောင့် သတိလစ်သွားခဲ့သည်။ စိန်မှိုင်းက နူရ်အာလောမ်ကို စိတ်တိုင်းကျ ရိုက်နှက်ပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

နူရ်အာလောမ်၏ မိသားစုဝင်များက ည ၉ နာရီအချိန်ထိ အိမ်သို့ ပြန်ရောက်မလာသဖြင့် လိုက်လံရှာဖွေရာ ထင်းခုတ်သည့် နေရာအနီးတွင် လဲလျက် သတိလစ်နေသည်ကို တွေ့ရှိသဖြင့် နေအိမ်သို့ သယ်ယူလာခဲ့သည်။ ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာများ ဆေးရုံတက်၍ ဆေးကုသခွင့်မရှိသဖြင့် ယင်းနေ့ ညပိုင်းက နေအိမ်တွင် ဆေးကုသမှုခံယူခဲ့သည်။ သတိပြန်ဝင်လာသည့် အချိန်မှစ၍ ဆက်တိုက် သွေးအန်နေခဲ့ပြီး၊ ဆေးရုံတက်၍ ဆေးကုသခွင့်မရသည့်အပြင်၊ ငွေကြေးမတတ်နိုင်သဖြင့် ရမ်းကုဖြင့်ပင် ဆက်လက်၍ ဆေးမကုသနိုင်သောကြောင့် ဖေဖော်ဝါရီလ (၃) ရက်နေ့ နေ့လည်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ 

“ကျွန်တော်တို့ ပေါက်တောမှာ ရိုဟင်ဂျာဆိုရင် ဆေးရုံတက်လို့ မရဘူး။ အခု ဒီလူကို ပထမရက်က ရမ်းကုနဲ့ ကုပေမယ့် ငွေမရှိဘူး။ နောက်မကုနိုင်တော့ဘူး။ ဆက်တိုက် သွေးအန်နေတာ။ ဆေးရုံတက် ဆေးကုနိုင်ရင် အသက်ရှင်နိုင်တယ်။ အခုတော့ နှမြောစရာဗျာ။ အစိုးရ အာဏာပိုင်တွေက မတရားသဖြင့် ရိုက်နှက်ခံရသူကိုတောင် ဆေးကုခွင့် မပေးဘူးဆိုရင် သာမာန်ဆိုရင်တော့ စဉ်းစားကြည့်။ ဆေးကုခွင့်မရလို့ သေတာတွေ မနည်းဘူး။ အခု လူသတ်မှု ဖြစ်သွားပြီ။ သေသွားသူအတွက် တရားမျှတဆိုတာလည်း ရမှာမဟုတ်တာ သေချာတယ်။” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာအများစုသည် ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် တံငါသည်များ ဖြစ်ကြသည်။ အာဏာပိုင်များက NVC မပါဘဲ ပင်လယ်ပြင်သို့ ထွက်၍ ငါးဖမ်းခွင့် မပြုသောကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့လျက်ရှိရာ ယခု ထင်းခုတ် ရောင်းချ၍ စားဝတ်နေရေး ဖြေရှင်းနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ