အိန္ဒိယနိုင်ငံ ထရိုက်ပူရာ မြောက်ပိုင်းတွင် လူကုန်ကူးခံနေရဖွယ်ရှိသည့် ရိုဟင်ဂျာကလေးငယ် (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းထား
ရှား Rohingya Today
အိန္ဒိယအရှေ့ပိုင်းပြည်နယ် အနောက်ဘန်ဂဲလ်ရှိ တဲတွင် ထိုင်၍ စားသောက်နေကြသည့် ကလေးငယ်များ (ဓါတ်ပုံ - Shaikh Azizur Rahman)

အိန္ဒိယနိုင်ငံ ထရိုက်ပူရာနှင့် အာဆမ် - ထရိုက်ပူရာ နယ်စပ်တွင် နှစ်ပတ်အတွင်း ရိုဟင်ဂျာဒုက္ခသည် (၆၈) ဦး ဖမ်းဆီးခံရပြီး၊ အများစုမှာ ကလေးငယ်များ ဖြစ်ကြသည်။

ယနေ့ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အာဆမ်ပြည်နယ်နှင့် ကပ်လျက်ရှိသည့် ထရိုက်ပူရာမြောက်ပိုင်း ရထားဘူတာတွင် ရိုဟင်ဂျာဒုက္ခသည် ကလေး (၇) ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း မီးရထားကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု အိန္ဒိယနိုင်ငံမှ IANS က ရေးသားသည်။ 

“ရိုဟင်ဂျာမိန်းကလေး ၆ ယောက်နဲ့ ယောကျ်ားလေးတစ်ယောက် ထရိုက်ပူရာမြောက်ပိုင်းက ဒါမာနာဂါဘူတာမှာ ဖမ်းဆီးလိုက်တယ်။ ကလေးတွေ အားလုံးက အသက် ၁၈ နှစ်အောက်တွေပါ။ သူတို့ကို ဥပဒေ လုပ်ရိုးလုပ်စဉ်နဲ့ လုပ်နိုင်ဖို့ ထရိုက်ပူရာ ရဲစခန်းကို ဒီနေ့ လွှဲပြောင်းပေးမယ်” ဟု မီးရထားဌာနမှ တာဝန်ရှိသူက ပြောပါသည်။

ကလေးငယ်များသည် မှောင်ခိုသမားများနှင့်အတူ အာဂါတာလာမှ ဒါမာနာဂါသို့ ဘတ်စ်ကားဖြင့် ရောက်ရှိလာပြီး အာဆမ်တောင်ပိုင်းရှိ ဘာဒါပူရ်သို့ ရထားနှင့်သွားမည့်သူများ ဖြစ်ကြသည်။

“ကလေးတွေနဲ့ အတူပါလာတဲ့ မှောင်ခိုသမားတွေက မီးရထားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့တော့ ရှောင်ပြေးသွားကြတယ်။ ကျွန်တော်တို့က ကလေးတွေ ပြောတဲ့ ဘာသာစကားကို နားမလည်ဘူး။ ကလေးတွေဆီကနေ ဘာဒါပူရ်ထိ ရထားလက်မှတ်တွေရတယ်။ သူတို့ကို ကြားလူတွေက လူကုန်ကူးတာ ဖြစ်နိုင်တယ်” ဟု မီးရထားဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ကလေးငယ်များကို ထရိုက်ပူရာအစိုးရပိုင် လူငယ်ဂေဟာ သို့ ပို့ဆောင်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။ ထရိုက်ပူရာ ရဲတပ်ဖွဲ့မှ အကြီးအကဲက ယခုကလေးငယ်များ ထရိုက်ပူရာသို့ ရောက်ရှိလာပုံကို စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။

ဇန်နဝါရီလ (၂၂) ရက်နေ့က အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရိုဟင်ဂျာ (၃၁) ဦး ဖမ်းဆီးခံရပြီး၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထရိုက်ပူရာ - အာဆမ် နယ်စပ်တွင် (၃၀) ဦး ဖမ်းဆီးခံခဲ့ရသည်။

အိန္ဒိယမှ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက လေးလအတွင်း ရိုဟင်ဂျာ (၁၂) ဦးကို မြန်မာအာဏာပိုင်များ လက်ထဲသို့ အပ်နှံခဲ့ခြင်းကြောင့် ယခုနှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၌ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းကျော် ခိုလှုံလျက်ရှိပြီး၊ ၁၈၀၀၀ ခန့်မှာ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးမှ တရားဝင် အသိအမှတ်ပြုထားသည့် ဒုက္ခသည်ကတ်ပြားများ ကိုင်ဆောင်ထားသည်။ အိန္ဒိယနိုင်ငံက ကုလသမဂ္ဂမှ ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်ပြား ကိုင်ဆောင်သူများကိုပါ ဖမ်းဆီး၍ မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်ခြင်းကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုခံနေရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ