ကူးတို့ခ တိုးမြှင့်ကောက်ခံနေသောကြောင့် ဘူးသီးတောင်မှ ဆင်းရဲနွမ်းပါးသူများ အခက်ကြုံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာပိုင် ကူးတို့များက ကူးတို့ခ တိုးမြှင့်ကောက်ခံနေသောကြောင့် ဆင်းရဲနွမ်းပါးပြီး တစ်ပိုင်တစ်နိုင်လုပ်ကိုင် စားသောက်နေသူများ အခက်အခဲများ ကြုံတွေ့နေရသည်။ 

ဘူးသီးတောင်မြို့နယ် စည်ပင်သာယာ အပိုင် ကူးတို့များဖြစ်သည့် စိုင်းဒင်၀ ကူးတို့၊ ဦးလှဖေ - ကကျက်ဘက် ကူးတို့နှင့် အတွင်းငှက်သေ - ဝရကျွန်း ဇော်ဘော်ရွာ ကူးတို့များ၏ ပုံမှန် ကူးတို့ခမှာ ၂၀၀/- ကျပ် ဖြစ်သော်လည်း ယခုအခါ ၅၀၀/- ကျပ်အထိ တိုးမြှင့်ကောက်ခံလျက်ရှိသည်။ 

ကွမ်းရွက်ထမ်းရောင်းသူများ၊ ငါးခြောက်ထမ်းရောင်းသူများ၊ ကြက်ဥဘဲဥ စသည့်ဖြင့် တစ်ပိုင်တစ်နိုင် ရောင်းဝယ်၍ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ဆင်းရဲနွမ်းပါးသူများအတွက် ဒုက္ခဖြစ်နေသည်။ ကူးတို့ခ ၅၀၀/- ကျပ်အပြင် ထမ်းပိုး (ဝန်) အတွက် ၅၀၀/- ကျပ် ပေးရသောကြောင့် အသွားအပြန် ၂၀၀၀/- ကျပ် ကုန်ကျလျက်ရှိသည်။ 

“တစ်ပိုင်တစ်နိုင် ရောင်းဝယ်ပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတဲ့ ဆင်းရဲသားတွေက တစ်နေကုန် ပစ္စည်းတွေ ထမ်းပြီး လိုက်ရောင်းတယ်။ ရတဲ့အမြတ်ထဲက ကူးတို့ခ ၂၀၀၀ ပေးနေရတော့ မိသားစု စားဖို့ မလောက်တော့ဘူး။ တော်တော်လေး အခက်အခဲ ကြုံနေရတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

“ကူးတို့ခ ၅၀၀ အပြည့်မပေးနိုင်ဘူးဆိုရင် အမျိုးသမီးတွေဆီက ထီးလုယူတယ်၊ ကလေးငယ်တွေဆီက အင်္ကျ ီ၊ ဖိနပ် စတာတွေ သိမ်းယူတယ်။ ပြီးတော့ နားမခံသာအောင် စက်ဆုပ်ရွံရှာစရာ စကားလုံးတွေ သုံးနှုန်းပြီး ဆဲဆို ကြိမ်းမောင်းတယ်။ မရှိလို့ တောင်းစားနေတဲ့ သူတောင်းစားတွေဆီက ငွေမရတော့ သူတို့ တောင်းလို့ရထားတဲ့ ဆန်တွေနဲ့ အခြားပစ္စည်းတွေကို လုယူတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ကူးတို့ခ ကောက်ခံသည့် တာဝန်ရှိသူများမှာ -- (၁) ဦးရှေုာ်မ်ရှု (စိုင်းဒင်၀ ကူးတို့)၊ (၂) ဦးမိုဟာမတ်ဒုလ္လာ (ဘ) ဦးအာခ်ဘောရ် (ဝရကျွန်း ဇော်ဘော်ရွာ ကူးတို့) နှင့် ဦးမူဂျီဘူလ္လာ (ဦးလှဖေ - ကကျက်ဘက် ကူးတို့) တို့ဖြစ်ကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ