ဘူးသီးတောင် ကွန်တိုင်ကျေးရွာအုပ်စု ရိုဟင်ဂျာများပိုင်သည့် လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်း၍ အစိုးရနည်းပညာကျောင်း ဆောက်လုပ်ရန် ပြင်ဆင်နေ
အောင်မင်း Rohingya Today
ရိုဟင်ဂျာများ၏ ၂၀.၃ ဧက လယ်ယာမြေကို သိမ်းဆည်း၍ စိုက်ထူထားသည့် ဆိုင်းဘုတ်

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စုမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို အာဏာပိုင်များက အတင်းအဓမ္မ သိမ်းဆည်း၍ အစိုးရနည်းပညာ အထက်တန်းကျောင်း ဆောက်လုပ်ရန် ပြင်ဆင်နေသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု (B) ကွင်းတွင်ရှိသည့် ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်ယာမြေ ၂၀.၃ ဧကကို အာဏာပိုင်များက အတင်းအဓမ္မ သိမ်းဆည်းလိုက်သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် အဖွဲ့သည် ကွန်တိုင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး၊ ကွန်တိုင်ကျေးရွာအုပ်စု၊ နန်းရာကုန်းရွာ အရှေ့ဘက်နှင့် ဘူးသီးတောင် - စစ်တွေ အဝေးပြေးကားလမ်း မြောက်ဘက်ရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေ ၂၀.၃ ဧက ကို တိုင်းတာ မှတ်သားပြီးနောက် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘူးသီးတောင်) ဆောက်လုပ်မည့် မြေနရာ (မကျူးကျော်ရ) ဟု အနီရောင် ဆိုင်းဘုတ်ကို စိုက်ထူခဲ့သည်။

လယ်ယာမြေပိုင်ရှင်များက ၎င်းတို့၏ သဘောတူညီမှု မပါဘဲ သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဘင်္ဂလီများ၏ သဘောတူညီမှု ရယူရန် မလိုအပ်ဟု ရိုင်းပျစွာ ဖြေကြားခဲ့သည်။

အတင်းအဓမ္မ သိမ်းဆည်းခံရသည့် လယ်ယာမြေများ၏ ပိုင်ရှင်များမှာ -- 

(၁) ဦးမိုဟာမတ်ဂျော်နာလ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း - ကွန်တိုင်ကျေးရွာမှ
(၂) ဦးအိုမောရ်မျာ (ဘ) ဦးမိုဟာမတ်ဆုလ်တာန် - အမှတ် (၃) ရပ်ကွက်မှ 
(၃) ဦးမိုဟာမတ်နော်ဘီ (ဘ) ဦးအဗ်ဒူလ်ကာဒဲရ် - ကွန်တိုင်ကျေးရွာမှ
(၄) ဒေါ်အာဆဖာခါတူ (ဘ) ဦးဒူဒူမျာ -- တို့ဖြစ်ကြသည်။ 

“အစိုးရနည်းပညာကျောင်း ဆောက်တာတော့ ဒီဘက်က ဒေသခံတွေအတွက် ကောင်းပါတယ်။ ကျွန်တော်တို့ လူမျိုးတွေကို တက်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ပညာရေးအတွက် လုပ်တာကို ကြိုဆိုတယ်။ ဒါပေမယ့် သိမ်းဆည်းခံရတဲ့ လယ်မြေတွေအတွက် ကာလတန်ဖိုးနဲ့ အညီ လျော်ကြေးပေးရမယ်။ လျော်ကြေး မပေးနိုင်ဘူးဆိုရင် မြေအလှူရှင် လိုက်ရှာရမယ်။ အခုက ဓါးပြတိုက်တာနဲ့ အတူတူပဲ။ အာဏာပြပြီး ဓါးပြတိုက်တာ။ အစိုးရအနေနဲ့ မြေလွတ်မြေရိုင်းတွေ ရှိနေတဲ့ နေရာတွေ ရှာသင့်တယ်။ ဒီမှာ သွားလာ လုပ်ကိုင်ခွင့် အကုန် ပိတ်ပင်ထားတယ်။ လူတွေက လုပ်စားစရာ ဘာမှမရှိဘူး။ ရှိတာလေးကို ဒီလို သိမ်းတာကတော့ တကယ်ကို မတရားလုပ်တာ။ ပြည်ထောင်စုအစိုးရအနေနဲ့ အခုလို မတရားလုပ်တာကို လက်ပိုက် ကြည့်မနေပါနဲ့။ အရေးယူ ဟန့်တားပေးပါလို့ တောင်းဆိုပါတယ်” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ