ဘူးသီးတောင် ဖရုံချောင်း၊ ဒိုးတန်းတွင် ရွာသားအချို့ ငွေညှစ်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာမှ ရွာသားအချို့ထံမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသူတစ်ဦးက ငွေညှစ်ခဲ့သည်။

ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာမှ ဒေါ်နူရ်နာရ်ဘေဂမ် (ဘ) ဦးအာရှောရ်ဇာမား (အသက် ၄၆ နှစ်) နှင့် ၎င်း၏ အိမ်နီးချင်းဖြစ်သူ ဦးကမာလ် တို့သည် လွန်ခဲ့သည့် နှစ်လခန့်က အိမ်ရာမြေကိစ္စနှင့် ပတ်သက်၍ ပြဿနာတစ်ခု ဖြစ်ပွားခဲ့သည်။ 

အိမ်နီးချင်းနှစ်ဦးကြား ဖြစ်ပွားခဲ့သည့် ပြဿနာကို အကြောင်းပြု၍ ဖရုံချောင်းကျေးရွာအုပ်စု၊ ဖရုံချောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသူ မာမတ်ဆာလေ (ဘ) ဦးဆုလ်တာန် (အသက် ၂၉ နှစ်) က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဒေါ်နူရ်နာရ်ဘေဂမ်နှင့် ဦးကမာလ်တို့ကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ဒေါ်နူရ်နာရ်ဘေဂမ် ထံမှ ငွေကျပ် ၃ သိန်း၊ ဦးကမာလ်ထံမှ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

မာမတ်ဆာလေ က ဒေါ်နူရ်နာရ်ဘေဂမ် တရားရုံးတွင် အမှုဖွင့်ပေးမည်ဟု စည်းရုံးပြီး ငွေကျပ် ၄ သိန်း ထပ်ယူ၍ တရားရုံးတွင် အမှုဖွင့်ပေးခဲ့သည်။ တဖန် အမှုအတွက် ရှေ့နေငှားရန် လိုသည်ဟုဆိုကာ ငွေကျပ် ၄ သိန်း ယူခဲ့သည်။ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် တရားရုံးတွင် သုံးရန် လိုအပ်သည်ဟုဆိုတာ ငွေကျပ် ၂ သိန်း ထပ်မံယူခဲ့သည်။

ထို့နောက် အမှုဖွင့်ခံရသူ ဦးကမာလ်ထံမှ ငွေတောင်းခံရာ မပေးသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ BD ပြေးဟု ဆိုကာ အမှုဖွင့်၍ ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။ 

မာမတ်ဆာလေ သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင်လည်း ဦးရှုကူရ် (ဘ) ဦးလာလ်မျာ ထံမှ အိမ်ရာပြဿနာတစ်ခုနှင့် ပတ်သက်၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူသည်။ ၎င်းသည် အုပ်ချုပ်ရေးမှူး၏ တပည့်ရင်းကဲ့သို့ ဖြစ်နေပြီး ရွာသားများကို အမြဲလိမ်လည် ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိသည်။ ရရှိသည့် ငွေများမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး ကို ဝေစုခွဲပေးသောကြောင့် အုပ်ချုပ်ရေးမှူးက ၎င်းဘက်မှ အမြဲရပ်တည်ပေးလျက်ရှိပြီး၊ ရွာသားများတွင် တိုင်ကြား၍ တရားမျှတမှုရရန် နည်းလမ်း မရှိဖြစ်နေသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ