ပေါက်တော စစ်ကဲပြင်မှ ရိုဟင်ဂျာတစ်ဦးကို ရခိုင်ရွာသားတစ်ဦးက သတိလစ်သည့်အထိ ရိုက်နှက်
ခင်မောင်နိုင် Rohingya Today
သတိလစ်သည့်အထိ ရိုက်နှက်ခံရသည့် နူရ်အာလောမ်

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြေငူကျွန်း၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စစ်ကဲပြင်အောက်ရွာမှ ရိုဟင်ဂျာတစ်ဦးကို ထင်းသွားခုတ်နေစဉ် ရခိုင်ရွာသားတစ်ဦးက ရိုက်နှက်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ပြိုင်းတောင်ကျေးရွာအုပ်စု၊ စစ်ကဲပြင်အောက်ရွာမှ နူရ်အာလောမ် (ဘ) ဦးယူဆုဖ် (အသက် ၂၈ နှစ်) သည် ဇန်နဝါရီလ (၃၀) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် စစ်ကဲပြင်အောက်ရွာနှင့် မနီးမဝေး၊ ရွာ၏ အရှေ့ဘက်တွင် တည်ရှိသော တောင်တွင် ထင်းခုတ်ရန် သွားနေစဉ် ပြိုင်းတောင် ရခိုင်ရွာမှ စိန်မှိုင်း (ဘ) ဦးသင်္ခါကျော် က နူရ်အာလောမ်၏ ဦးခေါင်းကို တုတ်ဖြင့် ရိုက်သဖြင့် ယင်းနေရာတွင်ပင် လဲကျသွားခဲ့သည်။

နူရ်အာလောမ် လဲကျသွားသော်လည်း စိန်မှိုင်းက တုတ်ဖြင့် စိတ်တိုင်းကျ ဆက်လက် ရိုက်နှက်ခြင်းကြောင့် သတိလစ်သွားခဲ့သည်။ စိန်မှိုင်းက နူရ်အာလောမ်ကို စိတ်တိုင်းကျ ရိုက်နှက်ပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

နူရ်အာလောမ်၏ မိသားစုဝင်များက ည ၉ နာရီအချိန်ထိ အိမ်သို့ ပြန်ရောက်မလာသဖြင့် လိုက်လံရှာဖွေရာ ထင်းခုတ်သည့် နေရာအနီးတွင် လဲလျက် သတိလစ်နေသည်ကို တွေ့ရှိသဖြင့် နေအိမ်သို့ သယ်ယူလာခဲ့သည်။ ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာများ ဆေးရုံတက်၍ ဆေးကုသခွင့်မရှိသဖြင့် နေအိမ်တွင်ပင် ဆေးကုသနေရပြီး၊ ယခုအချိန်ထိ သွေးအန်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။

ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာအများစုသည် ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် တံငါသည်များ ဖြစ်ကြသည်။ အာဏာပိုင်များက NVC မပါဘဲ ပင်လယ်ပြင်သို့ ထွက်၍ ငါးဖမ်းခွင့် မပြုသောကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့လျက်ရှိရာ ယခု ထင်းခုတ် ရောင်းချ၍ စားဝတ်နေရေး ဖြေရှင်းနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ