ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ဟော်လီဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီ သွားရောက်တွေ့ဆုံမည်
ရှား Rohingya Today
၂၀၁၂ ခုနှစ် ဆီးရီးယားဒုက္ခသည်များနှင့် တွေ့ဆုံနေသည့် အန်ဂျလီနာဂျိုလီ (ဓါတ်ပုံ - CNN)

ဟော်လီဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ လာမည့် ဖေဖော်ဝါရီလတွင် သွားရောက်မည်ဟု ဘင်္ဂလားဒေ့ရှ်မှ Bangla Tribune သတင်းတွင် ရေးသားထားသည်။ 

ဂျိုလီသည် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ၏ အထူးသံတမန်အဖြစ် ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်မည်ဖြစ်သည်။ 

“ဖေဖော်ဝါရီလ ပထမ လဝက်ပိုင်းမှာ သူမ ဒါကာကို ရောက်လိမ့်မယ်၊ အခြေအနေအားလုံး မှန်နေရင်” ဟု အမည်မဖော်လိုသည့် သတင်းရစ်မြစ်တစ်ခုက ဆိုသည်။ 

ဂျိုလီသည် ၂၀၁၇ ခုနှစ်မှစ၍ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုရန် စိတ်ဝင်စားမှု ပြသခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးမှ ထုတ်ပြန်သည့် ကြေညာချက်အရ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ဝန်ကြီးအဆင့် အစည်းအဝေးတွင် ဂျိုလီက လိင်အကြမ်းဖက်မှု ဘေးဒုက္ခခံရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ပတ်သက်၍ စာနာနားလည်သည့်အမြင်ရှိသည်ဟု မျှဝေခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မာဟ်ဖူဇူရ်ရာဟမာန်က တံခါးပိတ်အစည်းအဝေးတစ်ခုတွင် လိင်အကြမ်းဖက်ခံရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးများအတွက် အန်ဂျလီနာဂျိုလီ၏ အားပေးသည့် အသံလိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ တိုက်တွန်းမှုနှင့် ပတ်သက်၍ ဂျိုလီက ၎င်းအနေဖြင့် လိင်အကြမ်းဖက်ခံရသည့် ရိုဟင်ဂျာအမျိုးသမီးတွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း၊ ဝန်ကြီးအဆင့် အစည်းအဝေး၌ ဟောပြောသည့်အခါ ထည့်သွင်း၍ ပြောကြားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသားချင်းစာနာထောက်ထား၍ ဘဘောထားကြီးစွာဖြင့် ဒုက္ခသည်များကို နေရာထိုင်ခင်း ပေးထားခြင်းအတွက် ချီးကျူးကြောင်း ပြောကြားခဲ့သည်။ 

ဂျိုလီက ၎င်းပြောကြားခဲ့သည့်အတိုင်း ဝန်ကြီးအဆင့်အစည်းအဝေးတွင် ရိုဟင်ဂျာအမျိုးသမီးများ လိင်အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကို ရှုတ်ချခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ