ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းက ပညာသင်ခွင့်မရတဲ့ ရိုဟင်ဂျာကလေးများ
Vibya Krishnan Rohingya Today
၂၀၁၈ ခုနှစ် မေလတွင် သင်ယူရေးစင်တာ၌ ကျောင်းတက်ရန်သွားနေသည့် ရိုဟင်ဂျာကလေးတစ်ဦး (ဓါတ်ပုံ - Shashank Bengali / Los Angeles Times)

အသက် ၁၀ နှစ်ခန့်အရွယ် အီဗရာဟင်မိုဟာမတ်က ကျောင်းကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တုန်းက လေးတန်းကျောင်းသားလေး ဖြစ်ခဲ့တယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတဲ့အချိန်မှာ သူ့ရဲ့ မိခင်က တောထဲမှာ ကလေးမီးဖွားခဲ့တာ၊ သူ့ရဲ့ အဖိုး ပစ်သတ်ခံရတာနဲ့ သူ့ရဲ့ မိဘအိမ်ကို မြန်မာစစ်တပ်က မီးရှို့ခဲ့တာတွေကို တွေ့ကြုံခဲ့ရသူပါ။

အီဗရာဟင် က ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်ခဲ့သူပါ။ ဒါပေမယ့် အခုတော့ သူ့ရဲ့ အိပ်မက်တွေ ငြိမ်သက်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ တစ်ခါတစ်လေသာ ပြုံးနိုင်ပါတော့တယ်။

“ကျောင်းမရှိတော့တဲ့အတွက် အခြေအနေ ပိုဆိုးသွားတယ်” လို့ သူ့ရဲ့ ဖခင် မိုဟာမတ်အေလီယာစ် က ပြောပါတယ်။ “အဲဒါက သူ့ကို ပြောင်းလဲသွားစေတယ်” လို့ဆိုတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးက ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေကို သတ်ဖြတ်ပြီး၊ ၈ သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ် ပို့ခဲ့တာ အခုဆိုရင် ၁၆ လ ရှိနေပြီ။ အခု ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ ၅ သိန်းကျော်လောက် ကလေးတွေက တရားဝင်ဖြစ်ပြီးနည်းလမ်းကျတဲ့ ပညာရေး လိုအပ်နေပြီး၊ ဒါတွေကို နိုင်ငံတကာ ကယ်ဆယ်ရေးတွေက ကူညီပံ့ပိုးပေးဖို့ ပျက်ကွက်နေကြတယ်။

အခြေခံပညာရေးအတွက် ထောက်ပံ့ပေးမယ့် အလှူရှင်တွေကို ချဉ်းကပ်လားလို့ ကူညီပံ့ပိုးရေး အေဂျင်စီတွေကို မေးတဲ့အခါမှာ သူတို့ကတော့ သူတို့ လုပ်နေတယ်လို့သာ ပြောကြတယ်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ လူသားချင်းစာနာမှု အထောက်အပံ့ လုပ်ငန်းတွေကို ရိုဟင်ဂျာမိသားစုတွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သိသိသာသာ ဝေဖန်ကြတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက နိုင်ငံတကာ အထောက်အပံ့တွေအတွက် အမေရိကန်ဒေါ်လာ ၆၆၅ သန်းရရှိခဲ့ပြီး၊ မလုံလောက်တဲ့ စာသင်ခန်းတွေနဲ့ သင်ရိုးညွန်းတမ်းတွေသာ ရှိခဲ့တယ်။ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကတော့ ဒီထက် ကြီးမားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အများစုက မြန်မာနိုင်ငံကို မကြာခင်ပြန်ဖို့ မျှော်လင့်ချက် အနည်းငယ်သာ ရှိလို့ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ကြီးစိုးလွှမ်းမိုးတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာကျောင်းသားတွေ ပညာသင်ကြားခွင့် မရတာ ၂၀၁၂ ခုနှစ်မှာ ကြမ်းတမ်းစွာ နှိပ်ကွပ်ခံပြီးရကတည်းကပါ။ အစိုးရကျောင်းတွေကတော့ မြန်မာဘာသာစကားနဲ့ ရိုဟင်ဂျာကလေးတွေကို သင်ကြားပေးခဲ့ပေမယ့် ၂၀၁၇ သြဂုတ်လမှာ မြန်မာစစ်တပ်ရဲ့  စက်ဆုပ်ဖွယ်ရာတွေ စကတည်းက ပိတ်လိုက်ပါတယ်။

ဝေဖန်သူတွေ ပြောနေတာကတော့ မရှိသုံး သင်ယူရေးစင်တာတွေကို UNICEF - ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေကနေ တည်ထောင်ထားတာဖြစ်ပြီး၊ တဲသာသာ ဝါးတွေနဲ့ ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။ UNICEF ရဲ့ အစုစပ် အေဂျင်စီတွေကတော့ သင်ယူရေးစင်တာတွေကို ကစားမယ့်နေရာထက် နည်းနည်းကြီးအောင် လုပ်ထားပြီး၊ အဲဒီမှာ ကလေးတွေကို သီချင်းတွေ၊ ကဗျာတွေသင်ပေးတယ်။ အင်္ဂလိပ်စာ၊ ဖတ်နည်း၊ ရေးနည်းတွေနဲ့ မြန်မာနိုင်ငံက ကျောင်းတွေမှာ သင်ခဲ့တဲ့ အတတ်ပညာအချို့ကိုလည်း မကြာခဏသင်ပေးတယ်။ 

မိဘတွေ တော်တော်များများက သူတို့ သားသမီးတွေက နိုင်ငံခြားသား ဧည့်သည်တွေလာရင် “ကျွနု်ပ်တို့ ကျော်လွှားနိုင်လိမ့်မယ်” ဆိုတဲ့ သီချင်းဆိုပြဖို့အတွက် အာဂုံဆောင်ခိုင်းခံရတာကို အတော်လေး စိတ်ပျက်ကြတယ်၊ ဒီစင်တာတွေက အချိန်ဖြုန်းတာသာ ဖြစ်တယ်လို့ သဘောထားကြပြီး၊ ကလေးတွေ တော်တော်များများကို ပေးမသွားတော့ဘူး။

ငွေကြေးတတ်နိုင်တဲ့ မိသားစုအနည်းငယ်ကတော့ ပုဂ္ဂလိက ဆရာတွေ ငှားပြီး သူတို့ရဲ့ ကလေးတွေ ပညာတတ်မြောက်ဖို့ သေချာအောင် လုပ်ကြတယ်။ 

“သူတို့က ကျွန်တော်တို့ရဲ့ ကလေးတွေကို ဒီကဗျာတွေကိုပဲ ထပ်ခါတလဲလဲ သင်နေတယ်” လို့ အေလီယာစ်က ပြောပါတယ်။ “အီဗရာဟင်က ငြီးငွေ့လာပြီး ကျောင်းကို မသွားချင်တော့ဘူး”။

ဘင်္ဂလားဒေ့ရှ်အစိုးရ အေဂျင်စီ တစ်ခုဖြစ်တဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပို့ရေး ကော်မရှင်က လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ လူသားချင်းစာနာထောက်ထား ကူညီမှုတွေ လိုအပ်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်နေတာတွေကို ကြီးကြပ်တော့ UNICEF နဲ့ အစုစပ် အေဂျင်စီ ၁၀ ခုက သင်ယူရေးစင်တာတွေမှာ တက်ရောက်နေတဲ့ ကလေး အရေအတွက်ကို မမှန်မကန် အစီရင်ခံတာတွေနဲ့ အခြားသော မေးခွန်းထုတ်စရာ အလေ့အကျင့်တွေကို တွေ့ခဲ့တာမှာ ဒေါသတွေ ပွတ်ပွတ်ဆူလာခဲ့တယ်။

စင်တာကို မလာတော့တဲ့ ကလေးတွေရဲ့ စာရင်းကို မလုပ်ဘဲ အလှူငွေတွေ ပိုရဖို့ တောင်းခံနေတာတွေ တွေ့ရတယ်လို့ ကော်မရှင်က ပြေဆိုထားတာ The Los Angeles Times က ရထားတဲ့ အစည်းအဝေးမှတ်တမ်းမှာ ပါနေတယ်။ 

အေဂျင်စီအချို့က သင်ယူရေးစင်တာတွေ ရှိနေတဲ့နားမှာပဲ နောက်ထပ်စင်တာတွေ မလိုအပ်ဘဲ ထပ်ဖွင့်နေတယ်လို့ ကော်မရှင်က အစီရင်ခံစာတွေ ရထားတယ်။ သူတို့က ကလေးတွေကို ဆွဲခေါ်ပြီး ဦးရေများလာအောင် လုပ်တယ်။ အဲဒါကလည်း အလှူရှင်တွေဆီမှာ အလှူငွေ ပိုရဖို့ အတွက်ဖြစ်တယ်။

ကော်မရှင်က အမှားလုပ်နေတဲ့ အေဂျင်စီတစ်ခုချင်းစီကို မပြောပေမယ့်လည်း နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ် အဖွဲ့ ၁၀ ဖွဲ့ကို အစည်းအဝေးလာဖို့ ဆင့်ခေါ်ခဲ့တယ်။ 

ဘင်္ဂလားဒေ့ရှ် ကော်မရှင်က တာဝန်ရှိသူနှစ်ဦး ဖြစ်တဲ့ ရှာမီမူလ်ဟာခ်ပါဗယ်လ်နဲ့ အေအက်စ်အက်မ် အိုဗိုင်းဒူလ္လာ တို့က UNICEF နဲ့ အစုစပ်အဖွဲ့တွေက မဟာဗျူဟာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကို မတိုင်ပင်ဘူး၊ သူတို့အနေနဲ့ ဒီထက်ကောင်းမွန်တဲ့ ချိတ်ဆက်မှုရှိဖို့ တောင်းဆိုတာတွေကိုလည်း အကြောင်းမပြန်ဘူးလို့ ပြောဆိုထားတာတွေ အစည်းအဝေးမှတ်တမ်းမှာ ပါရှိတယ်။ အဲဒါတွေကို တာဝန်ရှိသူတွေက မှန်ကန်တယ်လို့ အတည်ပြုတယ်။

“ဘင်္ဂလားဒေ့ရှ်က ယီမာန်နဲ့ ဆီးရီးယားတို့လို ပဋိပက္ခဖြစ်နေတဲ့ နေရာမဟုတ်ဘူး” လို့ ပါဗယ်လ်က ပြောပါတယ်။ “အဲဒီမှာတော့ ပြည်တွင်း အစိုးရကနေ ခွင့်ပြုချက်မယူဘဲ လုပ်လို့ရတယ်”

UNICEF က ပြောရေးဆိုခွင့်ရှိသူ ဂျင်းန်-ဂျက်ခ် ဆိုင်မွန် ကတော့ သူတို့ကြားမှာ ချိတ်ဆက်မှု ဟာကွက်တွေ ရှိခဲ့တယ်လို့ ဝန်ခံတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ကော့ဇ်ဘဇားမှာရှိတဲ့ အစိုးရ မူလတန်း ပညာရေးရုံးနဲ့ မကြာခင် ချိတ်ဆက် လုပ်ကိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆက်သွယ် ချိတ်ဆက်မှု တိုးတက်လာအောင် လုပ်လိမ့်မယ်လို့ သူက ပြောတယ်။

သင်ယူရေးစင်တာတွေကို မလာတော့တဲ့ ကလေးတွေရဲ့ စာရင်းတွေကို ထုတ်နုတ်ပြီး ပြန်လည် ပြင်ဆင်ဖို့ UNICEF က သဘောတူထားပြီးပြီလို့ ဆိုင်မွန်က ပြောပါတယ်။

မြေနေရာတွေ ဖမ်းဆုပ်ပြီး ဒုက္ခသည်စခန်း အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ သင်ယူရေးစင်တာတွေ ဆောက်နေတာ စုပြုံနေတဲ့ ဒုက္ခသည်စခန်းတွေရဲ့ ရလာဒ်တွေသာ ဖြစ်ပြီး၊ အဲဒီနေရာတွေမှာ အေဂျင်စီပေါင်း ၁၀၀ ကျော်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ သူက ဖြည့်စွက်ပြောတယ်။

“လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေကို တုံ့ပြန်နေတဲ့ အေဂျင်စီတွေ အားလုံးအတွက် မြေနေရာ ရှားပါးမှုကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်” လို့ ဆိုင်မွန်က ပြောပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားက UNICEF ကတော့ ရိုဟင်ဂျာကလေးတွေကို ပညာရေး ကူညီထောက်ပံ့ပေးဖို့ အပြည့်အ၀ လုပ်နေတယ်”

ဘင်္ဂလားဒေ့ရှ်က ကော်မရှင် အကြီးအကဲဖြစ်တဲ့ မိုဟာမတ်အာဘူကလာမ်ကတော့ ပညာရေးလုပ်နေတဲ့ အေဂျင်စီတွေ အကြား တိုက်ပွဲကတော့ အကန့်အသတ် မရှိဘူးလို့ ဆိုပါတယ်။

“လူသားချင်း စာနာထောက်ထားတဲ့ အလုပ်လုပ်နေသူကြား အပြိုင်အဆိုင်တွေ ဖြစ်နေတာကတော့ ကံဆိုးမှုပဲ” လို့ ကလာမ်က အီးမေးလ်နဲ့ ပြောတယ်။ “လိုအပ်မှု မြင့်မားပေမယ့်၊ ငွေကြေးနဲ့ လူအင်အား မလုံလောက်ဘူး။ မြေနေရာ ရှားပါးမှုကလည်း ဒီတုံ့ပြန်မှုကို ထူးခြားတဲ့ လက္ခာကို ဖော်ဆောင်တယ်”

Rohingya refugee children collect drinking water from a tube well at Hakimpara refugee camp in southern Bangladesh. (Munir Uz Zaman / AFP/Getty Images)
သောက်သုံးရေခပ်နေသည့် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်များ (ဓါတ်ပုံ - Munir Uz Zaman/AFP/Getty Images)

UNICEF က ရိုဟင်ဂျာကလေးများရဲ့ မျိုးဆက် ပျောက်ဆုံးခြင်း ဆိုပြီး သတိပေးတယ်။ အဲဒီမှာ ဒုက္ခသည်စခန်းက ကလေး ၆၀% ပါဝင်တယ်။ သူတို့က နေရာတိုင်းမှာ ရှိနေတယ်။ ထင်းတွေ ရှာဖွေစုဆောင်းကြတယ်။ မိဘတွေနဲ့ အိမ်က အလုပ်တွေ ကူလုပ်ကြတယ်။ တစ်မူထူးခြားတဲ့ အလုပ်တွေရှိနေရင်လည်း လုပ်ကြတယ်။ ညစ်ပတ်နေတဲ့ လမ်းတွေပေါ်မှာ မကြာခဏ ဆော့ကစားနေတာတွေလည်း ရှိတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လမှာ သင်ယူရေးစင်တာ ၁၂၀၀ ဖွင့်လှစ်ပြီး ကလေး ၁၄၀၀၀၀ နီးပါး စာရင်းသွင်းပြီးပါပြီ။

သင်ယူရေးစင်တာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆရာတွေက ကလေးတွေကို ကဗျာတွေ၊ အကတွေနဲ့ တစ်ကိုယ်ရေး သန့်ရှင်းရေးတွေကို သင်ကြားပေးတယ်။ အဲဒီမှာ အလှူရှင်တွေက လှူထားတဲ့ ကစားစရာတွေနဲ့ ကလေးငယ်တွေ တစ်မှေးအိပ်ဖို့ နေရာတွေရှိတယ်။ ဒါပေမယ့် စာသင်ခန်းတော်တော်များများမှာ စာရေးကိရိယာတွေ၊ မှတ်စုစာအုပ်တွေနဲ့ သောက်သုံးရေတွေ မရှိကြဘူး။

မိဘတွေကတော့ ဒီလို တကယ့်ကျောင်းမဟုတ်တဲ့ စင်တာတွေက ကလေးငယ်တွေကို ပစ်မှတ်ထားပြီး၊ စာဖတ်တာ၊ သင်္ချာတွက်တာနဲ့ အခြား အခြေခံ ဘာသာရပ်တွေ မပါဝင်ဘူးလို့ ဆိုတယ်။ လတ်တလော UNICEF က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဆိုရင် အသက် ၄ နှစ်ကနေ ၁၄ နှစ် အရွယ်ထိ ကလေး ၃၉% က သင်ယူရေးစင်တာတွေကို မလာကြဘူး။ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ထိ လူငယ် ၉၇% ကတော့ လူဆိုးဂိုဏ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ ရောင်းချခံရခြင်းနဲ့ အခြားသော ပုံစံမျိုးနဲ့ အသုံးချခံနိုင်ရခြင်းတွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ် အန္တရာယ်ရှိနေတယ်လို့ ဆိုတယ်။

အေလီယာစ် ကြီးပြင်းခဲ့တဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာတော့ ဆရာ/မ တွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ်ရာ နယ်မြေရှင်းလင်းရေး မတိုင်ခင် လပေါင်းများစွာကတည်းက ကျောင်းတွေကို မလာကြတော့ဘူး။

“ကျွန်တော်တို့ ကလေးဘဝတုန်းက မြန်မာနိုင်ငံမှာ ပညာရေး အခွင့်အလမ်း မရှိခဲ့ဘူး။ အခု ကျွန်တော်တို့ရဲ့ ကလေးတွေက ဒီအခွင့်အလမ်းတွေကို ဓါးပြတိုက်ခံနေရတယ်” လို့ အာရ်ကာန်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အသိုင်းအဝိုင်းကို ဦးဆောင်နေတဲ့ မိုဟီဘူလ္လာဟ် က ပြောပါတယ်။ “ကျွန်တော်တို့ အသိုင်းအဝိုင်းရဲ့ အနာဂတ်က ဒီကလေးတွေ ပညာသင်ကြားခွင့် ရရှိမှုပေါ် မူတည်နေတယ်။ သင်ယူရေးစင်တာတွေ ဖွင့်တော့ ကျွန်တော်တို့ ဝမ်းသာတယ်။ ဒါပေမယ့် အဲဒီမှာ ကျွန်တော်တို့ ကလေးတွေ ဘာမှ သင်ယူခွင့်မရဘူးဆိုတာ သိလာတယ်။ အခုတော့ တစ်နှစ်ကျော်ပြီး၊ ကျောင်းတွေက အခုထိ အလုပ်လုပ်ကြသေးဘူးလား”

UNICEF က ဒုက္ခသည်စခန်းတွေမှာ ပညာရေး လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ဖရီဒေရီခ်ဗန်စန် ကတော့ အေဂျင်စီတွေက မြန်မာစာနဲ့ အခြား ဘာသာရပ်တွေ အားလုံးပါတဲ့ တရားဝင် သင်ရိုးကို ပြင်ဆင်လို့ ပြီးတော့မယ့် အကြောင်း၊ ဒီနှစ်ထဲမှာ ရိုဟင်ဂျာကလေးတွေ အတွက် ပိုပြီး အရည်အသွေးရှိတဲ့ ပညာအခွင့်အလမ်းကို သင်ယူရေးစင်တာတွေက တစ်ဆင့် ပံ့ပိုးပေးနိုင်မှာ ဖြစ်တဲ့အကြောင်း ပြောတယ်။

ရရာအလုပ်ကို လုပ်ပြီး ငွေရှာနေတဲ့ ရိုဟင်ဂျာမိသားစုတွေကတော့ တစ်လကို ဒေါ်လာ ၇၀ သုံးပြီး သူတို့ရဲ့ ကလေးတွေကို သင်္ချာ၊ သိပ္ပံနဲ့ အင်္ဂလိပ်စာတွေကို သင်ပေးနေတယ်။ ပညာတတ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဆရာတွေကတော့ မြန်မာပုံနှိပ်စာအုပ်တွေကို တရားမဝင်တဲ့ ကွန်ယက်တွေက တစ်ဆင့် ယူလာပြီး၊ ဘာသာရေးကျောင်းတွေ၊ မိသားစုတွေရဲ့ ယာယီ နေရာထိုင်ခင်းတွေမှာ သင်ကြားပေးနေတယ်။

အေလီယာစ်ကတော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်မှာရှိတဲ့ စစ်တွေတက္ကသိုလ်ကနေ ပထဝီဝင် အဓိကနဲ့ မဟာဝီဇ္ဇာဘွဲ့ ရရှိထားသူပါ။ အဲဒီတက္ကသိုလ်ကတော့ ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့် ကန့်သတ်ထားကြားက တက်ခွင့်ရတဲ့ တက္ကသိုလ်ဖြစ်တယ်။ အေလီယာစ်ကတော့ ပုဂ္ဂလိက ဆရာငှားပြီး သူ့ရဲ့သား အီဗရာဟင် ကို သမိုင်း သင်နေတယ်။

“ကျွန်တော်တို့ အသိုင်းအဝိုင်းက ကျွန်တော်တို့ ခံစားခံရတာတွေကို ကလေးတွေကို သင်ကြားပေးဖို့ အရေးတကြီး လိုအပ်တယ်။ ကျွန်တော်တို့ရဲ့ အတိတ်ကို သူတို့မသိဘူးဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ အနာဂတ်အတွက် ပြင်ဆင်နိုင်မှာမဟုတ်ဘူး”

Vibya Krishnan ရေးသားသည့် Thousands of Rohingya children in the world’s largest refugee settlement are going without an education ကို ရှား က ဆီလျော်အောင် ဘာသာပြန်ထားသည်။


Related Posts
Maungdaw
ချစ်မြေမွေးရပ်က ဝေးသနှင့်

By ယျာတင် (ရိုဟင်းသား)


နောက်ဆုံးရ သတင်း/ဆောင်းပါးများ