မြန်မာအစိုးရ၏ အခြေအမြစ်မရှိသည့် မှတ်ချက်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်
ရှား Rohingya Today
မြန်မာသံအမတ်ကြီး ဦးလွင်ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ရေကြောင်းဆိုင်ရာအတွင်းဝန်က ဆင့်ခေါ်ခဲ့စဉ်က ရိုက်ကူးထားသည့်ပုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ရှိ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ဘင်္ဂလားဒေ့ရှ် ပါဝင်ပတ်သက်နေသည်ဟု မြန်မာအာဏာပိုင်များဘက်မှ ပြောကြားခြင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၍ ကန့်ကွက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အခြေအမြစ်မရှိ၊ လုပ်ကြံထားသည်ဟု ဆိုကာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် မစ္စတာ မိုဟာမတ်ဒိလ်ဝါရ်ဟူစိန်းက ဇန်နဝါရီလ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် မြန်မာသံအမတ်ကြီး ဦးလွင်ဦး ကို ဆင့်ခေါ်၍ တွေ့ဆုံသည်။ မြန်မာအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရဲကင်းစခန်းကို တိုက်ခိုက်ရာတွင် ဘင်္ဂလားဒေ့ရှ်က ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုခြင်းမှာ တာဝန်မဲ့စွာ အမှားကို စွပ်စွဲပြောဆိုခြင်း ဖြစ်သောကြောင့် မြန်မာသံအမတ်ကြီးအား ရှင်းလင်းရန် တောင်းဆိုခဲ့သည်။ 

“မြန်မာဘက်က လုံး၀ အမှားနဲ့ လုပ်ကြံပြောဆို ကြေညာနေတာ” ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အေကေ အဗ်ဒူလ်မိုမန် က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်ဟု bdnews24.com တွင် ရေးသားထားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ အစောပိုင်းတွင် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင် အမှတ် ၄၁ အနီးရှိ ရဲကင်းစခန်းကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ဘင်္ဂလားဒေ့ရှ်က ပါဝင်ပတ်သက်နေသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက တာဝန်မဲ့စွာ မှားယွင်း စွပ်စွဲပြောဆိုခြင်းကို မြန်မာမီဒီယာများက ရေးသားနေခြင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက လွန်စွာ စိတ်အနှောက်အယှက် ဖြစ်ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။ 

“စွပ်စွဲချက်များသည် လုံး၀ အခြေအမြစ်မရှိ လုပ်ကြံထားခြင်း ဖြစ်သည်ကို တွေ့ရှိရသည်”

“ယင်းနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မည်သည့်အဖွဲ့မှ နယ်စပ်ကို ဖြတ်ကျော်သွားခြင်းမရှိခဲ့သလို၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် မရှိခဲ့သည်ကို အခိုင်အမာအတည်ပြုသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။ 

“စွပ်စွဲချက်မှာ လုပ်ကြံထားခြင်း ဖြစ်ပြီး၊ ကမ္ဘာကြီး တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ထပ်တလဲလဲ ကြိုးပမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂုဏ်သတင်းကို နိမ့်ကျသွားစေရန် ဖြစ်သည်။

“ယခင်က ဖြစ်စဉ်များတွင် သတင်းမီဒီယာများ၏ ရေးသားမှုများနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်များ ကွဲလွဲမှုရှိခဲ့ပြီး၊ ယင်းသို့ ဖြစ်ပွားခြင်းမှာလည်း လုပ်ကြံဖန်တီး၍ ထုတ်ပြန်မှုကြောင့် ဖြစ်ပေသည်”

ကြေညာချက်တွင် မြန်မာအစိုးရအနေဖြင့် ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေး အရှုပ်အထွေးများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်စပ်၍ ဆွဲသွင်းခြင်းကို ရှောင်ကျဉ်ရန်လည်း သတိပေးထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အကြမ်းဖက်မှုကို တိုက်ဖျက်ချေမှုန်းခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ချီးကျူးဂုဏ်ပြုခံနေရသည်ကိုလည်း ထောက်ပြထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်မှုကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းရန် အသင့်ရှိကြောင့် ကမ်းလှမ်းထားခဲ့သည်။ 

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၏ လေပိုင်နက်ကို ကျူးကျော်၍ ပျံသန်းခြင်း၊ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်းကျွန်းကို မြန်မာမြေပုံထဲသို့ ထည့်ခြင်း၊ အကြောင်းမဲ့ နယ်စပ်တွင် ပစ်ခတ်ခြင်း၊ မှားယွင်းသော ကြေညာချက်များ ထုတ်ပြန်ခြင်းများ ပြုလုပ်၍ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဖိအားပေးခံထားရသည်များကို အာရုံလွှဲရန် ကြိုးစားနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းတွင် ရေးသားထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာသံအမတ်ကြီး ဦးလွင်ဦး ကို အကြိမ်ကြိမ် ဆင့်ခေါ်၍ သတိပေးပြီး၊ ကန့်ကွက်မှုများကို မှတ်တမ်းတင်လျက်ရှိသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ