ပျောက်ဆုံးနေသည့် စိတ်မနှံ့သူ ရိုဟင်ဂျာအမျိုးသားတစ်ဦးကို ၁၆ ရက်အကြာတွင် သေဆုံးလျက်တွေ့ရှိ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့ပိုင်း၊ ဖုံညိုလိပ်ကျေးရွာအုပ်စုမှ စိတ်မနှံ့သည့် ရိုဟင်ဂျာအမျိုးသားတစ်ဦးသည် နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် ၁၆ ရက်အကြာတွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ဖုံညိုလိပ်ကျေးရွာအုပ်စု၊ အကွက် (၉) မှ ဦးဇာဖောရ်ဟူစိန်း (ဘ) ဦးအဒူဆောတော့ရ် (အသက် ၆၀ နှစ်) သည် စိတ်မနှံ့သူတစ်ဦး ဖြစ်ပြီး စိတ်ဝေဒနာရှင် ဖြစ်သည့်အလျောက် သွားချင်ရာ သွားနေတတ်သူ ဖြစ်သည်။ ၎င်းသည် ဇန်နဝါရီလ (၁၂) ရက်နေ့မှစ၍ နေအိမ်သို့ ပြန်ရောက်လာခြင်း မရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အနီးအနားကျေးရွာများတွင် ရှာဖွေခဲ့သော်လည်း ရှာတွေ့ခြင်း မရှိခဲ့ပေ။

ဇန်နဝါရီလ (၂၇) ရက်နေ့ ညနေပိုင်းအချိန်တွင် ၎င်း၏ ရုပ်အလောင်းကို ဖုံညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ဝင်စာကျေးရွာ၊ ဆင်သေပြင်ကျေးရွာနှင့် နွားရုံတောင်ကျေးရွာ စသည့် ရခိုင်ရွာများ အနီးရှိ ချောင်း၌ မျောနေသည်ဟု မိသားစုဝင်များက သတင်းရရှိ၍ ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်၍ အလောင်းကို နေအိမ်သို့ သယ်ယူလာခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဦးဇာဖောရ်ဟူစိန်း၏ အလောင်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို တွေ့ရပြီး၊ ၎င်း၏ ဝမ်းဗိုက်ကို ဖောက်၍ ကလီစာများကို ထုတ်ယူခဲ့ဟန်ရှိပြီး၊ ဆံပင်၊ မုတ်ဆိတ်နှင့် ခန္ဓာကိုယ်ရှိ အမွှေးများ မီးလောင်ခံရသည်ကို ကြည့်လျှင် ခြေလက်များ ချည်နှောင်ခံရပြီးနောက် မီးရှို့သတ်ဖြတ်ခံရဟန်လည်း ရှိသည်။ ထို့အပြင် ၎င်း၏ လိင်အင်္ဂါကိုလည်း ဖြတ်ထားသည်ကို တွေ့ရှိရသည်။ 

၎င်း၏ ရုပ်အလောင်းကို ဘူးသီးတောင် မြို့မဆေးရုံသို့ ပို့ပေးရန် မိသားစုဝင်များအား ဒေသဆိုင်ရာ အာဏာပိုင်များက မှာကြားသဖြင့် မိသားစုဝင်များက ၎င်း၏ ရုပ်အလောင်းကို ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင် လိုက်ရသည်ဟု ဒေသခံများက ပြောပါသည်။ 

ယခုလို စိတ်မနှံ့သည့် လူတစ်ဦးသည်ပင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်က ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများ၏ အသက်အိုးအိမ် လုံခြုံမှု လုံး၀ ကင်းမဲ့နေသည်ကို သက်သေပြနေသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ