မောင်တောတွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို အာဏာပိုင်များက သိမ်းပိုက်၍ အိမ်များဆောက်လုပ်လျက်ရှိ
၀င်းမင်းစိုး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်ယာမြေများကို အာဏာပိုင်များက အလုံးအရင်း သိမ်းပိုက်ကာ ထိုလယ်ယာမြေများပေါ်တွင် အကွက်ရိုက်၍ အိမ်များ ဆောက်လုပ်ရန် စီစဉ်နေသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ လှဖိုးခေါင်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်ယာမြေများပေါ်တွင် လွန်ခဲ့သည့် တစ်လကျော်မှစ၍ အကွက်များရိုက်ကာ အိမ်များ ဆောက်လုပ်နေသည်။ အိမ်ဆောက်လုပ်နေသော မြေကွက်တစ်ကွက်၏ အကျယ်အဝန်းမှာ အလျား ၆၀ ပေ၊ အနံ ပေ ၄၀ ဖြစ်ပြီး၊ ဆောက်လုပ်နေသည့် အိမ်ပုံစံမှာ ၁၂ ပေပတ်လည် မော်ကျူလာအိမ်များ ဖြစ်သည်။ မော်ကျူလာအိမ်ဆိုသည်မှာ သွပ်မိုး၊ ၈ ထပ်သား အခင်း၊ ဟိုလိုပိုက်တိုင်နှင့် သွပ်ပြားကြား ဖော့ညှပ်ထားသော အကာအရံတို့ဖြင့် ဆောက်လုပ်သော အိမ်ဖြစ်သည်။ ယင်းနေရာ၌ အိမ် ၂၄၀ လုံး ဆောက်လုပ်လျက်ရှိရာ ၇၅% ပြီးစီးနေပြီ ဖြစ်သည်။ 

ဇန်နဝါရီလ ဒုတိယပတ်တွင် မောင်တောမြို့နယ်မှ အာဏာပိုင်များနှင့် နေပြည်တော်မှ ရောက်ရှိလာသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် ပန်းတောပြင်ကျေးရွာအုပ်စုသို့ သွားရောက်ခဲ့ပြီး အိမ် ၂၀၀ လုံး ဆောက်လုပ်မည်ဟုဆိုကာ ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ရှိ လယ်ယာမြေများပေါ်တွင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ အကျယ်အဝန်းရှိ အကွက်များ ရိုက်ခဲ့သည်။ ထို့နောက် ဆောက်လုပ်ရေး အဖွဲ့တစ်ဖွဲ့ သွားရောက်၍ မြေကွက်များပေါ်တွင် အိမ်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။ 

မြေကွက်ရိုက်နေသည့် အဖွဲ့က နောက်ထပ် အိမ် ၂၀၀၀ လုံး ဆောက်လုပ်ရန် လိုနေသည်ဟု ဆိုကာ ပန်းတောပြင် အရှေ့ရွာ၊ အလယ်ရွာနှင့် အနောက်ရွာများရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်ယာမြေ အားလုံးပေါ်တွင် မြေကွက်များ ဆက်လက်ရိုက်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရခိုင်အစွန်းရောက်အဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာကျေးရွာ ၃၅၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ရာတွင် ပန်းတောပြင်ကျေးရွာအုပ်စုမှ ရွာသစ်ရွာလည်း ပါဝင်ခဲ့သည်။ အဆိုပါ ရွာသစ်ရွာမှ ရွာသားအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလျက်ရှိပြီး၊ အနည်းစုမှာ ပန်းတောပြင် အလယ်ရွာနှင့် အနီးအနားရှိ ရွာများသို့ ထွက်ပြေး၍ ဆွေမျိုးများ၏ နေအိမ်များတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသည်။ 

အာဏာပိုင်များက အစပိုင်းတွင် အိမ် ၂၀၀ လုံး ဆောက်လုပ်ရန် အကွက်ရိုက်ခဲ့သောကြောင့် ပန်းတောပြင် ရွာသစ်မှ အခြားရွာများတွင် သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာများအတွက်ဟု ထင်ခဲ့သော်လည်း ယခုအခါ အာဏာပိုင်များက အိမ် ၂၀၀၀ လုံး ထပ်မံဆောက်လုပ်ရန် အကွက်ရိုက်နေသောကြောင့် ထင်ခဲ့သည့်အတိုင်း မဖြစ်နိုင်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

ရိုဟင်ဂျာအများစု၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် လယ်ယာလုပ်ငန်းဖြစ်ပြီး အစိုးရအာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်ယာမြေများကို အလုံးအရင်း သိမ်းပိုက်နေခြင်းမှာ ရိုဟင်ဂျာများကို အလုပ်အကိုင်မဲ့ ဘဝသို့ ရောက်ရှိစေ၍၊ စားဝတ်နေရေး ကျပ်တည်းစေရန် တမင်ရည်ရွယ်၍ လုပ်နေသည်မှာ ထင်ရှားနေသည်။

ရိုဟင်ဂျာများ၏ လယ်ယာမြေပေးတွင် အိမ်များဆောက်လုပ်နေခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်ခေါ်ယူ၍ နေရာချထားပေးရန်ဟု ယူဆရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများသည် မိမိတို့၏ မူလနေရာတွင် နေထိုင်ခွင့်၊ တင်းပြည့် နိုင်ငံသားအခွင့်အရေးနှင့် စိတ်ချရသည့် လုံခြုံမှု စသည်တို့ကို မရရှိသရွေ့ ပြန်လာမည် မဟုတ်ကြောင်း အတိအလင်း ပြောကြားထားပြီ ဖြစ်သည်။ မြန်မာအစိုးရ အာဏာပိုင်များက ယခုကဲ့သို့ ဆင်းရဲနွမ်းပါးသူများ၏ လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းယူ၍ အိမ်ဆောက်လုပ်နေသည့် လုပ်ရပ်သည့် ပြည်တွင်း၌ ရှိနေသည့် ရိုဟင်ဂျာများကို တိုင်းပြည်က နှင်ထုတ်ရန် အကွက်ကျကျ စီမံကိန်းချ၍ ယုတ်မာနေခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ