ဘူးသီးတောင် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စု အနီးတဝိုက်တွင် မြန်မာစစ်တပ် စခန်းချထားခြင်းကြောင့် ဒေသခံများစိုးရိမ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စုရှိ ဒိုင်းနက်ရွာနှင့် ရိုဟင်ဂျာကျေးရွာ အကြားတွင် အင်အား ၂၀၀ ကျော်ခန့်ရှိသည့် မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခု နေရာယူ စခန်းချထားသည်မှာ နှစ်ရက်ရှိနေပြီ ဖြစ်သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် အင်အား ၂၀၀ ကျော်ခန့်ရှိသည့် မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုသည် မေယုတောင်တန်းမှ ထွက်လာပြီး ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စု ဒိုင်းနက်ရွာကို ဝန်းရံ၍ စစ်ဆေးခဲ့သည်။ ထို့နောက် ပေါက်တောကျေးရွာအုပ်စုရှိ ရိုဟင်ဂျာရွာဖြစ်သည့် ရွှေထားဘက်သို့ ချီတက်လာခဲ့သည်။ ထိုစဉ် နွားလာဝယ်နေသည့် ဘုရားပြင်အောင်ပမှ ရိုဟင်ဂျာရွာသားနှစ်ဦးသည် တပ်မတော်စစ်ကြောင်းကို ကြောက်ရွံ့၍ ရှောင်နေသည့် သဘောဖြင့် ရွာထဲသို့ ပြေးဝင်သွားခဲ့ရာ စစ်သားများက ရွှေထားရွာကို ဝန်းရံ စစ်ဆေးပြီး အဆိုပါ ရိုဟင်ဂျာနှစ်ဦး ဖမ်းဆီးခဲ့သည်။ သို့သော် ကျေးရွာတာဝန်ခံက အဆိုပါ ရိုဟင်ဂျာနှစ်ဦးသည် လူကောင်းများဖြစ်ကြောင်း၊ ဘုရားပြင်အောင်ပကျေးရွာမှ နွားလာဝယ်သူများ ဖြစ်သည်မှာ မှန်ကန်ကြောင်း အာမခံ၍ ပြောဆိုသဖြင့် စစ်သားများက ၎င်းတို့နှစ်ဦးကို နောက်နောင် ထွက်မပြေးရန် ဆုံးမမှာကြားပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

တပ်မတော်စစ်ကြောင်းက ရွှေထားကျေးရွာတာဝန်ခံထံမှ ညစာအတွက် အကူအညီတောင်းခံသဖြင့် ကြက်ဖ ငါးကောင် ပေးလိုက်ရသည်။၎င်းတို့သည် ရွာ၏ အနောက်ဘက်၊ ရွှေထားနှင့် ဒိုင်းနက်ရွာ အကြားရှိ လက်ကွင်းတွင် တဲထိုးနေခဲ့သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းမှ စစ်သားအချို့သည် ရွှေထားရွာထဲသို့ ဝင်လာပြီး အိမ်ခြံဝင်း အချို့ထဲသို့ ဝင်ရောက်၍ လှည့်လည်ကြည့်ရှုခဲ့သည်။ လူနေအိမ်များထဲသို့ ဝင်ရောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပစ္စည်းလုယက်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။

၎င်းတို့သည် ၂၈ ရက်နေ့ ညပိုင်းတွင်လည်း လယ်ကွင်းပြင်တွင် တဲထိုး၍ ဆက်လက် စခန်းချထားသဖြင့် အနီးအနားကျေးရွာမှ ရိုဟင်ဂျာများက တိုက်ပွဲများ ဖြစ်လာမလားဟု တွေးပူကာ ထိတ်လန့် ကြောက်ရွံ့နေကြသည်။

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲများ အရှိန်မြင့်တက်လျက်ရှိရာ မြန်မာတပ်မတော် စစ်ကြောင်းများက ရိုဟင်ဂျာရွာများ အနီး စခန်းချထားသဖြင့် ရိုဟင်ဂျာများက ၎င်းတို့ကို လူသားဒိုင်းများအဖြစ် အသုံးပြုမည်ကို အထူးစိုးရိမ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ