မောင်တောမြို့မှ လုပ်ငန်းရှင် အချို့ကို စ.ရ.ဖ မှ တပ်ကြပ်ကြီးတစ်ဦးက မဟုတ်မမှန်လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၃ သိန်းကျော် ဖမ်းဆီးရမိပြီးနောက် ပိုင်ရှင်ကို မတွေ့သဖြင့် ပိုင်ရှင်၏ အစ်ကိုဖြစ်သူကို ဖမ်းဆီးခဲ့သည်။ စ.ရ.ဖ တပ်ကြပ်ကြီးတစ်ဦးက ယင်းဖြစ်စဉ်နှင့် ဆက်နွယ်၍ မဆိုင်သူများထံမှ ငွေအမြောက်အမြား ညှစ်ယူခဲ့သည်။ 

မောင်တောမြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှ ဦးအာဂျီမူလ္လာ (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၇ နှစ်) တွင် မင်းဘာကြီးလမ်း၌ လျှပ်စစ်ပစ္စည်း ရောင်းသည့် ဆိုင်တစ်ဆိုင်ရှိပြီး၊ လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ၎င်း၏ ဂိုဒေါင်မှ WY အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၃ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်။ သက်ဆိုင်ရာက ပိုင်ရှင်ဖြစ်သူကို ရှာမတွေ့သဖြင့် အစ်ကိုဖြစ်သူ ဦးရှော်ဟိတ် (အသက် ၃၀ နှစ်) ကို ဖမ်းဆီး၍ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ဆက်နွယ်၍ မောင်တောမြို့နယ် စ.ရ.ဖ မှ တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦးက ဦးအာဂျီမူလ္လာနှင့် ရင်းနှီးသော မိတ်ဆွေ (၁၈) ဦး စာရင်း ပြုစု၍ ၎င်းတို့က ပါဝင်ပတ်သက်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေအမြောက်အမြား ညှစ်ယူလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အမှတ် (၄) ရပ်ကွက်မှ လျှပ်စစ်ပစ္စည်းရောင်းသည့် ဦးမာမတ်နူးရ် (ဘ) ဦးအာဖား ထံမှ ငွေကျပ် သိန်း ၂၀ နှင့် အမှတ် (၁) ရပ်ကွက်မှ ဝါးလုပ်ငန်းလုပ်ကိုင်သူ  ဦးနူရ်ဟာန်း (ဘ) ဦးဇော်ကော်ရီယာ (အသက် ၄၂ နှစ်) ထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

“အခု ငွေညှစ်ခံရတဲ့သူတွေနဲ့ အာဂျီမူလ္လာရဲ့ WY ကိစ္စနဲ့ ဘာမှ မဆိုင်ဘူး။ သူတို့ကို သံသယဖြစ်တယ်ဆိုရင် ဥပဒေနဲ့ အညီလုပ်ပါ။ သက်သေအထောက်အထားရှိရင် ဖမ်းလို့ရတယ်။ မူးယစ်ရဲတပ်ဖွဲ့က ခေါ်စစ်လို့ရတယ်။ စစ်အစိုးရလက်ထက်တုန်းက လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ဘင်္ဂလားဖုန်းကိုင်တယ်၊ တရားမဝင် လုပ်ငန်းလုပ်တယ်ဆိုပြီး ငွေညှစ်ခဲ့တယ်။ အခုကျတော့ နောက်တစ်မျိုး လုပ်ကြံပြီး ငွေညှစ်တယ်။ ဒီမိုကရေစီအစိုးရ လက်ထက်မှာလည်း ပြည်သူတွေကို ဗိုလ်ကျအနိုင်ကျင့်နေတုန်းပဲ” ဟု မောင်တောမြို့မှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

မန္တလေးမြို့မှ ဆိုင်ကယ်အပိုပစ္စည်းများ မှာယူပြီး မောင်တောမြို့တွင် ဆိုင်ဖွင့် ရောင်းချလျက်ရှိသည့် အမှတ် (၂) ရပ်ကွက်မှ ဦးနူရ်အာဇီးဇ် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၂၇ နှစ်) ကိုလည်း လွန်ခဲ့သည့် ဒီဇင်ဘာလက  WY ဆေးပြား ရောင်းဝယ်ဖောက်ကားနေသည်ဟု မတရားစွပ်စွဲ၍ ငွေကျပ် သိန်း ၁၀၀ ညှစ်ယူခဲ့သည်။ ၎င်းထံမှ ငွေညှစ်ပြီးနောက် စာရွက်ပေါ်တွင် ၎င်းထံမှ ငွေကြေးတစ်စုံတစ်ရာ ယူခြင်း မရှိဟု အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်မှတ်ထိုးခိုင်းခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ