အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၃၁ ဦးအနက် ၂၇ ဦးမှာ UNHCR က တရားဝင်အသိအမှတ်ပြု ဒုက္ခသည်များဖြစ်
ရှား Rohingya Today
ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦးကို ရဲစခန်းအပြင်တွင် တွေ့ရစဉ် (ဓါတ်ပုံ - AP)

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ No Man's Land တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ခွင့်ရရန် လေးရက်ကြာ စောင့်ဆိုင်းပြီးနောက် အိန္ဒိယ နယ်ခြားစောင့်တပ် က ရဲတပ်ဖွဲ့လက်သို့ အပ်နှံခြင်းကို ခံလိုက်ရသည့် ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦးတွင် ၂၇ ဦးမှာ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) မှ တရားဝင် ဒုက္ခသည် အသိအမှတ်ပြုခံရသည့် လက်မှတ်များ ကိုင်ဆောင်ထားသူများ ဖြစ်ကြကြောင်း အိန္ဒိယနိုင်ငံမှ Hindustan Times က ရေးသားသည့် သတင်းတွင် ဖော်ပြထားသည်။

UNHCR ကလည်း ၂၇ ဦးမှာ ၎င်းတို့ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ ဖြစ်သည်ဟု ဆိုသည်။ 

UNHCR က မဖိနှိပ်ရေး မူဝါဒ၊ မူရင်းနိုင်ငံသို့ ပြန်ရောက်လျှင် ညှဉ်းပန်းနှိပ်စက်ခံရနိုင်သည့် သူများကို ပြန်မပို့ရန်၊ မဖမ်းဆီးရန်နှင့် ထိုကဲ့သို့ ဒုက္ခသည်များနှင့် ပတ်သက်၍ ချမှတ်ထားသည့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် အိန္ဒိယအစိုးရကို တိုက်တွန်းထားသည်။ 

ဇန်နဝါရီလ (၁၈) ရက်နေ့က ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦးကို အိန္ဒိယနယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ တွန်းပို့နေသည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ယူဆပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ နိုင်ငံတကာ နယ်မြေ No Man's Land တွင်းသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ အိန္ဒိယ နယ်ခြားစောင့်တပ်က ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသည်ဟု ဆိုကာ ထရိုက်ပူရာ ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု Hindustan Times ၏ သတင်းတွင် ရေးသားထားသည်။ 

“၂၇ ယောက်က UNHCR ရဲ့ တရားဝင်ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုခံရသူတွေ ဖြစ်တယ်။ ကလေးငယ် ၄ ယောက်သာ မှတ်ပုံတင်ထားခြင်း မရှိတာပါ” ဟု UNHCR က Hindustan Times သို့ အီးမေးလ်ရေးသား၍ ပြောကြားခဲ့သည်။ ၎င်းတို့သည် ဂျာမူးပြည်နယ်တွင် နှစ်ပေါင်းများစွာ ခိုလှုံနေထိုင်ခဲ့သူများဟု UNHCR က ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရ က ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ပြည်နယ်အစိုးရများကို ညွန်ကြားခဲ့သောကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀၀ ကျော် အိန္ဒိယနိုင်ငံ၏ နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက် ခိုလှုံခဲ့သည်။ ၎င်းတို့အား ကော့ဇ်ဘဇားခရိုင်ရှိ UNHCR က ယာယီတည်းခိုရေးစခန်းတွင် နေရာချပေးထားသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလနှင့် ယခုနှစ် ဇန်နဝါရီလတွင် ရိုဟင်ဂျာဒုက္ခသည် ၁၂ ဦးကို အိန္ဒိယအာဏာပိုင်များက မြန်မာအာဏာပိုင်များ လက်သို့ အပ်နှံ၍ ပြန်ပို့ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် ပြန်ပို့ခံရသည့် ရိုဟင်ဂျာဒုက္ခသည် ၅ ဦးသည် UNHCR မှ တရားဝင် အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ ဖြစ်သည်ဟု UNHCR က ထုတ်ဖော်ပြောကြားသည်။ ၎င်းတို့အား အာဆမ်ပြည်နယ် အလယ်ပိုင်း တပ်ဇ်ပူရ်တွင် နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားပြီးမှ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များကို တရားစီရင်ရေး ထိန်းသိမ်းမှုနှင့် ချုပ်နှောင်ထားပြီး၊ ၎င်းတို့၏ UNHCR ဒုက္ခသည်လက်မှတ်များကို စိစစ်ပြီး ဖြစ်သည်။ အမ်တိုရီရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အား တရားမဝင် ဝင်ရောက်လာမှု၊ နိုင်ငံကူးလက်မှတ် မရှိမှုတို့ကြောင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

UNHCR က ၎င်းတို့အား ပြန်လည် လွှတ်ပေးရန် အိန္ဒိယအာဏာပိုင်များကို တောင်းဆိုထားသည်။ 

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ