မလေးရှား NGO တစ်ခုက ရိုဟင်ဂျာများအတွက် ရင်းဂျစ် သန်း ၂၀ တန်ကျောင်း ဆောက်မည်
ရှား Rohingya Today
ဆောက်လုပ်ပေးမည့် ယာကွတ်ဝန်ဟာရွန် ကို ကျောင်းနှင့်စင်တာ ပုံစံငယ်နှင့် အတူ တွေ့ရစဉ်

မလေးရှားနိုင်ငံမှ မွတ်စလင် NGO တစ်ခုက ရိုဟင်ဂျာများအတွက် မူလတန်းကျောင်းနှင့် ကွန်မြူနီတီစင်တာ တစ်ခုကို ကလန်တန်ပြည်နယ်၌ ယခုနှစ်တွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

၂၀၁၁ ခုနှစ်တွင် 7 Sanaabil International ကုမ္ပဏီကို တည်ထောင်ခဲ့သူ ယာကွတ်ဝန်ဟာရွန်က အထပ် ၁၀ ထပ်ရှိသည့် ကျောင်းနှင့် စင်တာကို ကိုတာဘာရူတွင် ဆောက်လုပ်မည်ဟု ပြောသည်။

ရိုဟင်ဂျာများအတွက် ဆောက်လုပ်မည့် အထပ် ၁၀ ထပ်ရှိ ကျောင်းနှင့် ကွန်မြူနီတီစင်တာ ပုံစံငယ်
ရိုဟင်ဂျာများအတွက် ဆောက်လုပ်မည့် အထပ် ၁၀ ထပ်ရှိ ကျောင်းနှင့် ကွန်မြူနီတီစင်တာ ပုံစံငယ်

အဆောက်အဦးကို ၂၀၂၁ ခုနှစ်တွင် ပြီးစီးအောင် ဆောက်လုပ်မည်ဖြစ်ပြီး၊ မလေးရှားငွေ ရင်းဂျစ် သန်း ၂၀ ကုန်ကျမည် ဖြစ်မည်။ အုတ်မြစ်ချ အခမ်းအနားကို လာမည့် မတ်လ သို့မဟုတ် ဧပြီလတွင် ကျင်းပမည် ဖြစ်သည်။

အထပ် ၆ ထပ်တွင် ရိုဟင်ဂျာမိသားစုများ၊ မိဘမဲ့များနှင့် တစ်ဦးတည်း ဖြစ်နေသည့် ဒုက္ခသည်များကို နေရာထိုင်ခင်း ချပေးထားမည် ဖြစ်ပြီး၊ ၂ ထပ်ကို ကျောင်းနှင့် သင်တန်းများအတွက် အသုံးပြုပြီး၊ ကျန်သည့် ၂ ထပ်ကို စီမံခန့်ခွဲရေး ဝန်ထမ်းများအတွက် အသုံးပြုမည်ဖြစ်သည်။ အဆောက်အဦးတွင် ရိုဟင်ဂျာ ၅၀၀ နေထိုင်နိုင်မည် ဖြစ်ပြီး၊ ၎င်းတို့ထဲမှာ ရာဂဏန်းကျော်ရှိသည့် ကျောင်းသား/သူများ ကျောင်းတက်နိုင်မည် ဖြစ်သည်။ အတော်ဆုံး ကျောင်းသား/သူ ၁၅ ဦးကို အဆောက်အဦးအနီးရှိ ယာကွတ်ဝန်ဟာရွန် ပိုင်ဆိုင်သည့် ပုဂ္ဂလိကကောလိပ်တွင် ပညာဆက်လက် သင်ကြားခွင့် ပေးမည်ဟု ဆိုသည်။

ယာကွတ်သည် ဒုတိယဝန်ကြီးချုပ် ဒေါက်တာဝန်အဇီးဇာဝန်အစ္စမိုင်လ်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လွန်ခဲ့သည့်နှစ်က ကာတာနိုင်ငံအစိုးရက ရိုဟင်ဂျာများအား ကူညီရန် လှူဒါန်းခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ခွဲဝေသတ်မှတ်ပေးရန် တိုက်တွန်းခဲ့သည်ဟု ပြောပါသည်။

ယာကွတ်သည် အစ္စလာမစ်ပညာရပ်များ၊မိသားစုများထံမှ လေ့လာဆည်းပူးခဲ့သည်များနှင့် လူမှုအသိုင်းအဝိုင်းကို အမြဲကူညီရန် ကြိုးစားနေသူ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည့် ကျောင်းတွင် အစ္စလာမစ်ပညာရပ်ကိုလည်း ထည့်သွင်း သင်ကြားသွားမည်ဟု ခန့်မှန်းရသည်ဟု Free Malaysia Today က သတင်းတွင် ရေးသားထားသည်။ သို့သော်လည်း ယာကွတ် အနေဖြင့် ကျောင်းတွင် ထည့်သွင်း သင်ကြားမည့် သင်ရိုးနှင့် ပတ်သက်၍ ဆုံးဖြတ်ထားခြင်း မရှိသေးဟု ဖြည့်စွက် ရေးသားထားသည်။ 

ရိုဟင်ဂျာ စာပေကိုလည်း သင်ကြားပေးသွားမည်ဖြစ်ပြီး၊ ရိုဟင်ဂျာများကို အလုပ်ခန့်အပ်မည်ဟု ယာကွက်က ပြောပါသည်။

“ကျွန်တော်တို့ရဲ့ အစီအစဉ်တွေနဲ့ ရိုဟင်ဂျာ မိဘမဲ့တွေ၊ လူငယ်တွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်၊ အစိုးရရဲ့ အထောက်အပံ့ကို လုံး၀ မူတည်နေစရာ မလိုအောင် လုပ်ပေးမယ်။ သူတို့ရဲ့ အနာဂတ်မှာ ကျွန်တော်တို့ ထောက်ပံ့ပေးနေစရာ မလိုအောင် လုပ်ပေးမယ်။ 

“ရိုဟင်ဂျာမျိုးဆက်သစ်တွေက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်လာပြီး ဒီနိုင်ငံကို ကူညီပေးနိုင်အောင်၊ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး လိုအပ်ချက်တွေကို အားဖြည့်ပေးနိုင်တဲ့ လုပ်သားကောင်းတွေ ဖြစ်လာအောင် လုပ်ပေးမယ်” ဟု ယာကွတ်က ပြောသည်။

မလေးရှားနိုင်ငံတွင် ရှိနေသည့် ရိုဟင်ဂျာများသည် လက်ရှိအခြေအနေတွင် အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများကို တက်ခွင့်မရဘဲ၊ ကွန်မြူနီတီကျောင်းများတွင် ဘာသာရေး၊ မလေးဘာသာစကားနှင့် အခြားစာပေးများကိုသာ သင်ကြားခွင့်ရှိသည်။ 

မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းခွဲခန့် ခိုလှုံလျက်ရှိပြီး၊ တစ်ဝက်ကျော်ခန့်ကို ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ (UNHCR) က တရားဝင် ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ