အိန္ဒိယနိုင်ငံမှ ပြန်ပို့သော ကျောက်တော်သား ရိုဟင်ဂျာ (၇) ဦး နေရပ်ရင်းများသို့ ရောက်ရှိ
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ပို့သည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာ (၇) ဦးအား ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ နေရပ်ရင်းများသို့ အာဏာပိုင်များက ပြန်လည် ပို့ဆောင်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ၂၀၁၂ ခုနှစ် ဇွန်လ၌ ပဋိပက္ခများ ဖြစ်ပွားစဉ် ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သိန်းချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ တစ်သိန်းခွဲနီးပါး ဒေသတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး၊ အချို့မှာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ သြစတြေးလျ စသည့် နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။ 

၂၀၁၂ ခုနှစ်တွင် နေရပ်စွန့်ခွာခဲ့ရပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံရန် ကြိုးစားခဲ့သည့် ကျောက်တော်မြို့နယ်မှ ရိုဟင်ဂျာ (၇) ဦးကို အိန္ဒိယ အာဏာပိုင်များက ဖမ်းဆီး၍  အာသံပြည်နယ်ရှိ ဆိလ်ချာ အကျဉ်းထောင်တွင် ၆ နှစ်နီးပါး ချုပ်နှောင်ထားပြီးနောက် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ယခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် မြန်မာအာဏာပိုင်များ လက်ထဲသို့ အပ်နှံခဲ့သည်။ 

“သူတို့ကို အာသံပြည်နယ်ကနေ အောက်တိုဘာလ (၃) ရက်နေ့မှာ မဏိပူရပြည်နယ်ကို ခေါ်လာပြီး၊ မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မိုးရေးကနေ မြန်မာအာဏာပိုင်တွေ လက်ထဲကို (၄) ရက်နေ့မှာ အပ်နှံခဲ့တယ်။ အဲဒီကနေ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ကနေတဆင့် မန္တလေးကို ခေါ်လာတယ်၊ အဲဒီမှာ သူတို့ကို နိုင်ငံသားဖြစ်ခွင့် လျှောက်လို့ရတယ်ဆိုပြီး NVC ကဒ်တွေ ထုတ်ပေးတယ်။ ပြီးတော့ တောင်ကုတ်၊ တောင်ကုတ်ကနေ အမ်း၊ အမ်းကနေ မြောက်ဦး၊ နောက်ဆုံး မြောက်ဦးကနေ ကျောက်တော်ကို ခေါ်လာတာပါ။ သူတို့ရဲ့ မူရင်းရွာတွေဖြစ်တဲ့ ခေါင်းတုတ်ဈေးဝရွာနဲ့ ဆင်အိုးပေါက်တော စတဲ့ ရွာတွေကို ဒီနေ့ အောက်တိုဘာလ (၈) ရက်နေ့ မနက် (၁၀) နာရီလောက်မှာ ရောက်လာကြတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ယခု အိန္ဒိယနိုင်ငံမှ ပထမဆုံး ပြန်ပို့ခံရသည့် ရိုဟင်ဂျာ (၇) ဦးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အထူးစိုးရိမ်လျက် ရှိနေကြသည်။ 

မြန်မာအစိုးရက ပြန်ပို့ခံရသူ (၇) ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူခြင်း မရှိဘဲ နေရပ်ရင်းသို့ ပြန်ပို့ခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများကို ပြန်လည် ခေါ်ယူလာရန် မက်လုံးပေးသည့် သဘောမျိုးဖြစ်သည်ဟု မောင်တောမြို့နယ် အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး သုံးသပ်သည်။

“အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့ အရမ်းရင်းနှီးကြတယ်။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ပြန်ပို့ရင် ဘေးကင်းလုံခြုံမှု မရှိဘူးလို့ အားလုံးက ပြောနေကြတော့ အိန္ဒိယနဲ့ပေါင်းပြီး ပြတာပါ။ အိန္ဒိယကလည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနေရပ်ပြန်ရေးအတွက် လိုအပ်တာ ကူညီမယ်လို့ အမြဲပြောနေတော့ အခုရသလို ကူညီပြတာပါ။ အခု (၇) ယောက်ကို စံနမူနာအနေနဲ့ ပြတယ်။ ဒါကို ယုံပြီး အစုလိုက်အပြုံလိုက် ပြန်ဝင်လာရင်တော့ ခေတ်စကားနဲ့ ပြောရရင် ဂျင်းထည့်ခံရမှာဘဲ” ဟု ၎င်းက ဆိုသည်။

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ