မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ရိုဟင်ဂျာရွာများထဲသို့ ရောက်ရှိလာမည်ကို ရသေ့တောင်မှ ရိုဟင်ဂျာများ စိုးရိမ်
အံ့ကျော်ဝင်း Rohingya Today

ရသေ့တောင် ။ ။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက် အရှိန်မြင့်တက်နေပြီး၊ မြန်မာစစ်တပ်သည် ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာများအတွင်းနှင့် အနီးအနား၌ ညပိုင်းတွင် စခန်းချသဖြင့် တိုက်ပွဲများ ရွာထဲသို့ ရောက်ရှိလာမည်ကို ဒေသခံရိုဟင်ဂျာများက စိုးရိမ်နေကြသည်။ 

ယနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ရိုဟင်ဂျာရွာတစ်ရွာဖြစ်သည့် ရသေ့တောင်မြို့နယ်မြောက်ပိုင်း ရက်ခုန်းတိုင်ကျေးရွာအုပ်စု၊ အာကာတောင်ရွာ အနီးတွင် မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ရွာသားများက Rohingya Today သို့ပြောပါသည်။

နေ့လည်ပိုင်းတွင် ပစ်ခတ်သံများ ယာယီရပ်တန့်သွားခဲ့သည်။ မြန်မာစစ်တပ်ဘက်မှ ကျဆုံးမှု ပိုများသောကြောင့် အင်အားဖြည့်၍ ရက်ခုန်းတိုင်ရခိုင်ရွာကို ဝိုင်းထားသည်ဟု သိရသည်။ 

ရသေ့တောင်မြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်နိုင်ခဲ့သည့် ရိုဟင်ဂျာတစ်ဦးက “ကျွန်တော်တို့ ရိုဟင်ဂျာရွာတွေမှာ ညကျရင် စစ်တပ်က စခန်းချတယ်။ ဒါက AA ကို ရွာထဲမှာ သူတို့ကို လာတိုက်ပါလို့ ဖိတ်နေသလိုပဲ။ ကျွန်တော်တို့ကို စစ်တပ်က လူသားဒိုင်းတွေလို သုံးပြီး သူတို့ရဲ့ လုံခြုံရေးကို ယူနေသလို ဖြစ်နေတယ်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့ တိုက်ပွဲမှာ ကျွန်တော်တို့လူတွေ အသတ်ခံရမှာကို ကြောက်နေတယ်။ ပြီးတော့ သူတို့ရဲ့ တိုက်ပွဲမှာ ကျွန်တော်တို့ရွာတွေ ဖျက်ဆီးခံရမှာကိုလည်း စိုးရိမ်တယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရကို တောင်းဆိုချင်တာက စစ်တပ်ကို သူတို့ရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ ရွာတွေထဲဝင်ပြီး စခန်းမချဖို့ ညွန်ကြားပေးဖို့ပါ။”

၂၀၁၂ ခုနှစ်မှစ၍ ရိုဟင်ဂျာကျေးရွာပေါင်းများစွာကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အစွန်းရောက်များ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ရာ ရသေ့တောင်မြို့နယ်တွင် ရိုဟင်ဂျာရွာ အနည်းငယ်သာ ကျန်ရှိနေခဲ့ပြီး၊ ယင်းရွာများ၌ နိုင်ငံတကာကြက်ခြေနီအသင်းက လွန်ခဲ့သည့်နှစ် အောက်တိုဘာလထိ ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။ လေးလနီးပါး ရိက္ခာမရတော့သည့် ရိုဟင်ဂျာများသည် လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ခွင့် အခွင့်အလမ်း မရှိသောကြောင့် အငတ်ဘေး အန္တရာယ်နှင့် မကြာခင် ကြုံတွေ့ရဖွယ်ရှိသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ