ရိုဟင်ဂျာဒုက္ခသည် ကလေးတစ်ယောက်ရဲ့ နေ့စဉ်ဘဝ
Gemma Snowdon/WFP Rohingya Today
ဆရာဖြစ်ချင်တဲ့ ရှုကူးန်က ကျောက်သင်ပုန်းပေါ်မှာ ရေးထားတာတွေကို အမြဲဖတ်ပြရလေ့ရှိတယ် (ဓါတ်ပုံ - WFP/Gemma Snowdon)

ကမ္ဘာပေါ်မှာ ကလေးငယ်တွေ သန်းနဲ့ချီပြီး ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းလာနေကြတယ်။ ရှုကူးန် ကတော့ ဘင်္ဂလားဒေ့ရှ်ကနေ သူ့ရဲ့ နေ့စဉ်ဘ၀ အကြောင်း ပြောပြတာပါ။

ရှုကူးန် အိပ်ရာနိုးတဲ့အချိန်က အတော်လေးစောပါတယ်။ မိုးလင်းခါနီးနေထွက်မယ့်ဆဲဆဲမှာ သူကတော့ ကုသုပါလောင် ဒုက္ခသည်မှာရှိတဲ့ ဗလီတွေမှာ ဖဂျရ်နမားဇ် (နံနက်အစောပိုင်း ဝတ်ပြုခြင်း) ဖတ်ဖို့ သွားတယ်။ ပြီးတာနဲ့ အိမ်ကိုပြန်လာပြီး မနက်စာကို စာသုံးပါတယ်။ သူ့ရဲ့မနက်စာထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ထောက်ပံ့မှုကနေရတဲ့ ဆန်နဲ့ ချက်ထားတဲ့ ထမင်းက ထုံးစံအတိုင်း ပါဝင်မြဲပါ။

ရှုကူးန်က အသက် ၈ နှစ်အရွယ်ဖြစ်ပြီး၊ သူ့ရဲ့ မိသားစုကတော့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး ခိုလှုံနေကြတာပါ။ မြန်မာနိုင်ငံမှာတုန်းက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အကြမ်းဖက်ခံနေရတော့ အကြမ်းဖက်ခံရမှာကိုစိုးရိမ်တဲ့ ရှုကူးန်က သူ့ရဲ့ မိဘတွေကို သူတို့ မိသားစု ထွက်ပြေးကြဖို့ တောင်းပန်ပြီး ပြောခဲ့တယ်။

အဲဒီခရီးက အရမ်းဝေးပြီး အရမ်းကို ကြမ်းတမ်းခဲ့တယ်။ သူတို့မိသားစု ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အချိန်မှာ သူကတော့ အသားဝါရောဂါ ခံစားခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ အားအင်တွေ ပြန်ပြည့်လာပြီး၊ သူ့ရဲ့ ကျန်းမာရေးက အပြည့်အဝ ပြန်ကောင်းလာခဲ့တယ်။

သူက နံနက်စာကို စားပြီးတာနဲ့ ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ သင်ယူရေးစင်တာ တစ်ခုမှာ အတန်းတက်ဖို့ ပြင်ဆင်ပါတော့တယ်။ သူ့ရဲ့ ကျောင်းလွယ်အိတ်ကို ယူပြီးတာနဲ့ တောက်တောက်ပြောင်ပြောင် ပြင်ဆင်ထားတဲ့ အဆောက်အဦး ဆီကို ဦးတည်ပြီး လျှောက်လှမ်းတယ်။ အဲဒီမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာကို သူလေ့လာ သင်ယူတာပါ။

သင်ယူရေးစင်တာမှာ သူငယ်ချင်းများနဲ့အတူ စာသင်နေတဲ့ ရှုကူးန် (ဓါတ်ပုံ - WFP/Gemma Snowdon)
သင်ယူရေးစင်တာမှာ စာသင်နေကြတဲ့ ကျောင်းသား/သူများနဲ့ ရှုကူးန် (ဓါတ်ပုံ - WFP/Gemma Snowdon)

နှစ်နာရီကြာ အတန်းက ရှုကူးန်အတွက် စိတ်ဝင်စားဖွယ်ရာ ကောင်းပြီး၊ သူ့အတွက် တောက်ပတဲ့ အနာဂတ်ကို အိပ်မက်မက်ခွင့်ပြုတယ်။ သူကတော့ အသက်ကြီးလာရင် ကျောင်းဆရာတစ်ယောက် ဖြစ်ချင်တယ်။ သူက အတန်းထဲမှာ ကျောင်းသင်ပုန်းပေါ်က ကိန်းဂဏန်းတွေနဲ့ ဝါကျတွေကို ဖတ်ပြဖို့ မကြာခဏ ရွေးချယ်ခံရသူ ဖြစ်တယ်။

ကျောင်းဆရာဖြစ်ချင်နေတဲ့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ သူ့မိခင်အတွက် ဂုဏ်ယူဝမ်းသာ ပီတိဖြစ်စရာ ရင်းမြစ်တစ်ခု ဖြစ်နေတယ်။ သင်ယူရေးစင်တာမှာတော့ WFP က ဖြန့်ဝေတဲ့ အာဟာရ ဘီစကွတ်တွေက သူ့ကို အာရုံစူးစိုက်နိုင်အောင် ကူညီဖေးမပေးတယ်။ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ သူက ဗိုက်ဆာမနေဘဲ အနားယူဖို့ ဒါမှမဟုတ် မောင်နှမတွေနဲ့ ဆော့ဖို့ ဆန္ဒရှိတယ်။

သူ့ရဲ့မိခင်ကတော့ သူအပြင်မှာ ဆော့ကစားမှာကို စိုးရိမ်တယ်။ သူတို့က တောင်ပေါ်မှာနေတော့ သူပြုတ်ကျပြီး နာကျင်သွားမှာ ကြောင့်ပါ။ သူကတော့ သူ့ရဲ့ ညီမငယ်နဲ့ ဆော့ကစားလေ့ရှိပြီး၊ WFP က ရတဲ့ဆန်အိတ်ခွံတွေနဲ့ လုပ်ထားတဲ့ ဒန်းကို အလှည့်ကျ စီးကြတယ်။

WFP က ဆန်အိတ်ခွံကို ဒန်းလုပ်စီးနေတဲ့ ရှုကူးန် (ဓါတ်ပုံ - WFP/Gemma Snowdon)
WFP က ဆန်အိတ်ခွံကို ဒန်းလုပ်စီးနေတဲ့ ရှုကူးန် (ဓါတ်ပုံ - WFP/Gemma Snowdon)

ရှုကူးန်ကတော့ နေ့စဉ်နေ့တိုင်း ဆန်နဲ့ ပဲ စားရတာကို ငြီးငွေ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အရသာရှိတဲ့ ငါး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေ စားချင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့မိခင်ကတော့ သူတို့အနေနဲ့ ဒါတွေကို ဝယ်ဖို့အတွက် ဝင်ငွေမရှိဘူး၊ WFP က ပေးတဲ့ ရိက္ခာကိုသာ မှီခိုအားထားပြီး အသက်ရှင်နေရတာပါလို့ ဆိုတယ်။

နေ့လည်ပိုင်း အကုန်မှာတော့ ရှုကူးန်က သင်ယူရေးစင်တာမှာ သင်ခဲ့တာတွေကို အာရုံစိုက်ပြီး ပြန်လေ့လာတယ်။ သူ့ရဲ့ အစ်ကိုကလည်း အဲဒီ သင်ယူရေးစင်တာမှာ ကျောင်းတက်နေတော့ နားမလည်တာတွေကို သူ့အစ်ကိုက ကူညီပြီး သင်ပေးတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ခါတစ်လေလောက်သာ ရန်ဖြစ်ကြပြီး၊ အမြဲတမ်း အဖွဲ့သားတွေလို တစ်ဦးကိုတစ်ဦး ကူညီဖေးမပြီး နေကြတယ်။

နေ့တာကုန်ဆုံးချိန်မှာ ရှုကူးန်က အေရှာနမားဇ် (ညပိုင်းဝတ်ပြုခြင်း) ဖတ်တယ်၊ အဲဒီအချိန်မှာ ည ၈ နာရီ ထိုးနေပါပြီ။

WFP မှ ရေးသားသည့် A day in the life of a refugee child ကို ရှား က ဆီလျော်အောင် ဘာသာပြန်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ