မြန်မာတပ်ချုပ်ကို တရားစွဲဆိုရမယ်လို့ ကုလအထူးကိုယ်စားလှယ် ရန်ဟီးလီပြော
ရှား Rohingya Today
ဒါကာမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားနေသည့် ပါမောက္ခရန်ဟီးလီ (ဓါတ်ပုံ - AP)

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ရိုဟင်ဂျာလူမျိုးစုကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် တရားစွဲဆိုရမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး ရန်ဟီးလီ က ပြောသည်။ နိုင်ငံစွန့်ခွာခဲ့သည့် ဒုက္ခသည်များ နေရပ်မပြန်မီ ပြစ်မှုကျူးလွန်သူများကို ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ခံခိုင်းရန် အထူးလိုအပ်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

“မင်းအောင်လှိုင်နဲ့ အခြားသူတွေကို ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှု၊ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုရမယ်” ဟု ရန်ဟီးလီက ဇန်နဝါရီလ (၁၈) ရက်နေ့၌ ရိုက်တာသတင်းဌာနမှ တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုခဲ့သည်။ 

ထိုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် အရေးယူရန် လူသိရှင်ကြားပြောဆိုခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ လွတ်လပ်သည့် အချက်အလက်ရှာဖွေရေး အဖွဲ့က လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီး ငါးဦး တို့ကို နိုင်ငံတကာဥပဒေများအရ အကြီးမားဆုံး ပြစ်မှုများကို ကျူးလွန်သူများအဖြစ် အရေးယူရန် အကြံပြုထောက်ခံခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှစ၍ ရိုဟင်ဂျာ ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရပြီး၊ ၎င်းတို့သည် ပြည့်သိပ်နေသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

“နေရပ်ပြန်ပို့ဖို့ ဖြစ်လာရေးအတွက် .. ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံခိုင်းရမယ်။ ဘာကြောင့်လဲဆိုတော့ တာဝန်ခံမှုမရှိဘဲ ဒုက္ခသည်တွေကို ပို့မယ်ဆိုရင်တော့ အမှန်တကယ် ပိုဆိုးရွားလာမယ် ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေ ကြာရှည်စေမယ်” ဟု ရန်ဟီးလီက ရိုက်တာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။ “ပြီးတော့ နောက်တစ်ကြိမ် နှင်ထုတ်တာကို ကျွန်မတို့ တွေ့ရလိမ့်မယ်”

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က "ongoing independent mechanism" ဟုခေါ်သည့် တရားဝင်မှတ်တမ်းယူမည့် အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ယင်းအဖွဲ့က ပြစ်မှုများနှင့်ပတ်သက်၍ တောင့်တင်းခိုင်မာသည့် သက်သေအထောက်အထားများကို စုစည်းမည်ဖြစ်ပြီး၊ အဆိုပါ အထောက်အထားများကို တရားရုံးများ၌ အသုံးပြုနိုင်ဖွယ်ရှိသည်။

အဆိုပါအဖွဲ့သည် ရာဇဝတ်မှုများကို အရေးယူဆောင်ရွက်နိုင်ရန် ငွေကြေးအပါအဝင် ဘေးဒုက္ခခံရသူများကို ငွေရေးကြေးရေးအားဖြင့် ထောက်ပံ့ကူညီမှုများပါ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာအစိုးရက ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) မှာ တရားစီရင်ပိုင်ခွင့်မရှိဟု ပြောဆို၍ အိုင်စီစီ က ကနဦးစိစစ်နေသည်ကို ငြင်းပယ်ထားသည်။

ရောမသဘောတူစာချုပ် လက်မှတ်မထိုးထားသည့် နိုင်ငံများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပေးရန် လွှဲပြောင်းပေးခွင့်ရှိသော်လည်း၊ ထိုကဲ့သို့ ပြုလုပ်မည်ဆိုပါက တရုတ်နှင့် ရုရှားနိုင်ငံများက ဗီတိုအာဏာသုံးလိမ့်မည်ဟု သံတမန်များက ပြောနေကြသည်။ ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက် မူကြမ်း ပြင်ဆင်ထားသည်။ သို့သော်လည်း ယင်းမူကြမ်းတွင် အိုင်စီစီသို့ လွှဲပြောင်းပေးရန် ပါဝင်ခြင်း မရှိဟု သံတမန်များက ရိုက်တာ သတင်းဌာနကို ပြောကြားထားသည်။

ဥပဒေ ကျွမ်းကျင်သူများက နိုင်ငံတကာတရားစွဲဆိုမှုတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လွှဲပြောင်းပေးခြင်းလည်း ပါဝင်ပြီး လက်တင်အမေရိကားနိုင်ငံ ငါးနိုင်ငံက လတ်တလောတွင် ဗင်နီဇွဲလားနိုင်ငံကို အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ပြီး၊ သီးခြားခုံရုံးဖွဲ့၍လည်း တရားစွဲဆိုနိုင်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ကြီး “အကြီးမားဆုံး စိတ်ပျက်မှု” ဟု ရန်ဟီးလီက ရိုက်တာနှင့် မေးမြန်းခန်းတွင် ပြောပါသည်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်ထားခံရသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ဇန်နဝါရီလ (၂၄) ရက်နေ့ထိ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဒုက္ခသည်များ၊ လူမှု့အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီးနောက် ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ 

“ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့က မကြာခင်ဖြစ်လာနိုင်ဖို့ မရှိဘူး၊ အဲဒါကြောင့် ဒုက္ခသည်တွေ ဒီမှာနေနိုင်ဖို့ အတွက် ရေရှည်စီမံကိန်းချမှတ်ရမယ်” ဟု ရန်ဟီးလီ က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

မြန်မာအာဏာပိုင်များက ဒေသခံအစွန်းရောက်များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကျန်ရှိနေသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးအောင် တွန်းပို့နေကြောင်း၊ No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက မကြာခဏ ခြိမ်းခြောက် နှောက်ယှက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ရန်ဟီးလီက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာကို လာမည့် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် တင်သွင်းသွားမည်ဖြစ်သည်။

Reuters နှင့် The Daily Star တို့မှ သတင်းများကို ကိုးကား၍ ရေးသားထားသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ