အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာအမျိုးသမီးများနှင့် ကလေးများကို တရားရုံးက အာမခံပေးသော်လည်း အာမခံမည့်သူမရှိ
ရှား Rohingya Today
အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည်များကို ရဲစခန်းတွင် တွေ့ရစဉ် (ဓါတ်ပုံ - PTI)

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းရှိ No Man's Land တွင် ဇန်နဝါရီလ (၁၈) ရက်နေ့မှ (၂၂) ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ခွင့်ရရန် စောင့်ဆိုင်းပြီးနောက် အိန္ဒိယ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ရိုဟင်ဂျာဒုက္ခသည် (၃၁) ဦးမှ အမျိုးသမီးများနှင့် ကလေးငယ် (၂၄) ဦးကို ထရိုက်ပူရာတရားရုံးက အာမခံပေးသော်လည်း အာမခံမည့်သူမရှိသဖြင့် ၎င်းတို့အား အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်လိုက်သည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည် (၃၁) ဦးသည် ကက်ရှ်မီးရ်ပြည်နယ်တွင် နှစ်ပေါင်းများစွာ ခိုလှုံခဲ့သူများဖြစ်ပြီး၊ အချို့တွင် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) က တရားဝင်ဒုက္ခသည် အဖြစ် အသိအမှတ်ပြုထားသည့် ကတ်ပြားများ ရှိသည်။ 

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းခန့် ခိုလှုံလျက်ရှိပြီး၊ ၁၈၀၀၀ ကို UNHCR က ဒုက္ခသည်ကတ်ပြားများ ထုတ်ပေးထားသော်လည်း အိန္ဒိယနိုင်ငံသည် ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားသည့် နိုင်ငံမဟုတ်ဟုဆိုကာ အဆိုပါ ဒုက္ခသည်ကတ်ပြားများကို အသိအမှတ်မပြုပေ။

ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်များတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို စိစစ်၍ ပြန်ပို့ရန် လွန်ခဲ့သည့်နှစ်က ညွန်ကြားခဲ့ပြီးနောက် လေးလအတွင်း ရိုဟင်ဂျာ (၁၂) ဦးကို မြန်မာအာဏာပိုင်များ လက်ထဲသို့ အပ်နှံခဲ့သည်။ အိန္ဒိယနိုင်ငံတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်များ ကြောက်ရွံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလျက်ရှိရာ ယခုနှစ် အစပိုင်းမှစ၍ ၁၃၀၀ ခန့် နယ်စပ်ဖြတ်ကျော်၍ ကော့ဇ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့အစည်းများက အိန္ဒိယအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသော်လည်း အာဏာပိုင်များက ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တွန်းပို့လျက်ရှိသည်။

ဇန်နဝါရီလ (၁၈) ရက်နေ့က အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘရာဟမ်ဘရီးယားခရိုင်၊ ခယ်စ်ဘာမြို့ရှိ No Man's Land သို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည် (၃၁) ဦးကိုလည်း အိန္ဒိယ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တွန်းပို့ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံရန် ငြင်းဆန်ခဲ့သောကြောင့် ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့က ဒုက္ခသည်များကို အနောက်ထရိုက်ပူရာခရိုင်၊ အမ်တိုလီရဲစခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။ 

၎င်းတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် အမျိုးသား (၇) ဦးအတွက် တရားရုံးက (၁၄) ရက် တရားရေးဆိုင်ရာချုပ်နှောင်ခွင့် ထုတ်ပေးခဲ့သည်။ အမျိုးသမီး (၇) ဦးနှင့် ကလေးငယ် (၁၇) ဦးတို့အတွက် တရားရုံးက အာမခံဖြင့် လွှတ်ပေးမည်ဟု ဆုံးဖြတ်သော်လည်း တစ်ဦးလျှင် အိန္ဒိယရူပီးငွေ ၃ သောင်းဖြင့် အာမခံယူမည့်သူ တစ်ဦးတစ်ယောက်မှ မရှိသဖြင့် ၎င်းတို့အား ဘီရှာဂါရ် ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ကလေးငယ်များနှင့် ၎င်းတို့၏ မိခင်များကို သီးခြားအချုပ်ခန်းတွင် ချုပ်နှောင်ထားသည်ဟု အမ်တိုလီရဲစခန်းမှ တာဝန်ခံက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ