ဘူးသီးတောင် မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးက ငါးရောင်းသူများကို ရိုက်နှက်၍ ငွေလုယက်ခြင်းများ ပြုလုပ်လျက်ရှိ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးက ကကျက်ဘက်ဈေးတွင် လိုင်စင်သက်တမ်းကုန်ဆုံးနေသည့် ငါးရောင်းသူများကို ရိုက်နှက်ခြင်း၊ ငွေလုယက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိန်ဝင်း (အသက် ၅၀ နှစ်ခန့်) က အောက်တိုဘာလ (၇) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ကကျက်ဘက်ဈေးသို့ ရောက်ရှိလာပြီး ငါးရောင်းနေသည့် ဂူတာပြင်ကျေးရွာအုပ်စုမှ မိုဟာမတ်ကာဆိမ်း (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၆ နှစ်) ကို ငါးရောင်းလိုင်စင် သက်တမ်း ကုန်ဆုံးသွားသည်ကို အကြောင်းပြ၍ လူမဆန်စွာ ရိုက်နှက်ကာ ပုဇွန်နှင့် ငါးလိုင်စင် သီးသန့် ခွဲခြား၍ လိုင်စင်သစ်နှစ်စုကို တစ်နှစ်တာ သက်တမ်းဖြင့် ထုတ်ပေးပြီး ငွေကျပ် ခြောက်သောင်း လုယူခဲ့သည်။ ထို့နောက် ငါးရောင်းသူ နောက်တစ်ဦး၏ အင်္ကျ ီအိတ်ထဲမှ ငွေကျပ် ၇၅၀၀/- လုယက်ပြီး ၎င်းအား လက်စွပ်ဝတ်ဆင် ထားသည့် လက်သီးဖြင့် ထိုးသောကြောင့် နှာခေါင်းကွဲပြဲသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဈေးရောင်းသူများက Rohingya Today သို့ပြောသည်။ 

“မိုဟာမတ်ကာဆိမ်းရဲ့ ဝမ်းဗိုက်ကို လက်သီးနဲ့ ၂ ချက်ထိုးတယ်၊ ပါးရိုက်တယ်၊ ပြီးတော့ သူတို့စီးလာတဲ့ ငါးလုပ်ငန်းဦးစီးဌာနက ကားထဲကို ဆွဲသွင်းပြီး ရင်ဘတ်ကို ခြေထောက်နဲ့ ကန်ကျောက်တယ်။ တော်တော်လေး နှိပ်စက်တာဗျာ” ဟု ဈေးသည်တစ်ဦးက ပြောပါသည်။ 

ဦးစိန်ဝင်းသည် လွန်ခဲ့သော နှစ်လက ဂူတာပြင်ကျေးရွာအုပ်စုနေ အရီဖုလ္လာဟ် (ဘ) ဦးအဗ်ဒူလ်မဂျီးဒ် (အသက် ၂၇- နှစ်) ကို ပုဇွန်နှင့်အတူ ငါး ၁ သိုက်ခန့် ရောင်းချနေသည်ကို အကြောင်းပြ၍ ပုစွန်ရောင်းလိုင်စင်ဖြင့် ငါးရောင်း၍ မရဟု ပြောဆိုကာ ရိုက်နှက်ပြီး ငွေကျပ် သုံးသောင်း လုယူကာ ငါးရောင်းရန် လိုင်စင် တစ်ခု ထုတ်ပေးခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်လကလည်း ဂူတာပြင်ကျေးရွာအုပ်စုမှ ဦးနူရ်မိုဟမ္မဒ် (ဘ) ဦးရဟ်မဒ်အူလ္လာ (အသက် ၄၅-နှစ်) အား လိုင်စင် သက်တမ်း ကုန်ဆုံးနေသည်ကို အကြောင်းပြု၍ ရိုက်နှက်ကာ ငွေကျပ် သုံးသောင်း လုယူပြီး လိုင်စင် အသစ်တစ်ခု ထုတ်ပေးခဲ့သည်။ ဦးစိန်ဝင်းသည် မကြာခဏ ယင်းဈေးသို့ လာရောက်၍ ယခုကဲ့သို့ ငါးရောင်းသူများကို ရိုက်နှက်နှိပ်စက် ငွေလုခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု ဈေးသည်များက ဆိုသည်။

“ငါးရောင်းဖို့ လိုင်စင်လိုတယ်၊ မလိုဘူး၊ သက်တမ်း ကုန်တယ်၊ မကုန်ဘူး အဲ့တာ ကျနော် နားမလည်ဘူး၊ အဲ့ဒါ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာရင် လုပ်ထုံးလုပ်နည်းအရ ဥပဒေ အတိုင်း ပြစ်ဒဏ်ချမှတ်လို့ရတာပဲ၊ အခုက အဲလို မဟုတ်ဘဲနဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်က ပြည်သူ့ လစာစားပြီး ပြည်သူကို လက်လွတ်စပယ် ရိုက်နှက် နှိပ်စက်တာက အထက်အရာရှိတွေက ဟန့်တားဆုံးမခြင်း မရှိတာရယ်၊ ရိုဟင်ဂျာဆိုတာနဲ့ ဥပဒေမရှိဘူး၊ လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ လုပ်နေတာပါ” ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောပါသည်။
 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ