အိန္ဒိယက ထွက်မသွားရင် အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ ရိုဟင်ဂျာများ
Faisal Mahmud Rohingya Today
အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ (ဓါတ်ပုံ - Bilal Kuchay/Al Jazeera)

အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက အိန္ဒိယမှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို တွန်းပို့နေပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် ဇာကီရ်ဟူစိန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ ဟိုက်ဒရာဘတ်မြို့မှာ ဆံပင်ညှပ်နေရင်း ရိုဟင်ဂျာဒုက္ခသည် (၇) ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ သတင်းကို TV ဖန်သားပြင်မှာ တွေ့ခဲ့တယ်။

“အဲဒါကတော့ ပေါက်ကွဲအောင် ဖန်တီးလိုက်တဲ့ စနက်မီး၊ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ်ဆိုတာက ကြောက်လန့်စရာပါ” လို့ ၂၀၁၄ ခုနှစ်တုန်းက တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ရခိုင်ပြည်နယ်ကနေ မိသားစုနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်ကျော်ပြီး ဟိုက်ဒရာဘတ်မြို့ကို ရောက်ရှိလာတဲ့ ဇာကီရ်ဟူစိန်းက ပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်ရဲ့ အကူအညီနဲ့ အကြမ်းဖက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် လူအုပ်စုတွေရဲ့ ရန်ကနေ ရှောင်ထွက်ဖို့ ထောင်ပေါင်းများစွာက သူတို့ရဲ့ ရပ်ရွာတွေကနေ ထွက်ပြေးခဲ့ကြတယ်။ 

မွတ်စလင်တွေ အများစုဖြစ်တဲ့ ရိုဟင်ဂျာတွေက ပေရေစုတ်ချာနေတဲ့ စခန်းတွေထဲကို တွန်းပို့ခံခဲ့ရတယ်။ အဲဒီစခန်းတွေက နာဇီအကျဉ်းစခန်းတွေလို ဖြစ်ပြီး၊ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို အလွန်အကျွံ ကန့်သတ်ထားတယ်။ 

အဲဒီအချိန်ကစပြီး ရိုဟင်ဂျာတစ်သန်းကျော်က သူတို့ရဲ့ ကောင်းမွန်တဲ့ အနာဂတ်နဲ့ လုံခြုံရေးအတွက် ကြောက်စရာကောင်းတဲ့ ပင်လယ်ပြင်ခရီးနဲ့ ကုန်းလမ်းခရီးတွေနဲ့ ထွက်ခွာခဲ့ကြတယ်။

အိန္ဒိယအစိုးရရဲ့ ပြောဆိုချက်အရ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းရှိနေတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) က ၁၈၀၀၀ လောက်ကို ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေ အဖြစ် အသိအမှတ်ပြုထားတယ်။ 

ဇာကီရ်ဟူစိန်းကလည်း သူတို့တွေထဲက တစ်ယောက်ပါ။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်တယ်။ ပြီးတော့ အဲဒီကနေ နောက်ထပ် နယ်စပ်တစ်ခုကို ဖြတ်ကျော်ပြီး ရက်ပိုင်းအကြာမှာ အိန္ဒိယကို ရောက်ခဲ့တယ်။ 

“ဟိုက်ဒရာဘတ်၊ ဘလာပူရ်မှာရှိတဲ့ ဒုက္ခသည်စခန်းထဲက ဘဝကတော့ ဒီလောက်မဆိုးပါဘူး။ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်၊ ကြုံတွေ့ခဲ့ရတော့ ဒီမြို့ကတော့ ဒီထက်ကောင်းတဲ့ ရွေးချယ်စရာပါ” လို့ ဇာကီရ်ဟူစိန်းက ပြောပါတယ်။

ဒါပေမယ့် အိန္ဒိယမှာ လုံခြုံမှုနဲ့ ပတ်သက်ပြီး ဇာကီရ်ဟူစိန်းရဲ့ စိတ်ချမ်းသာမှုက ရေရှည်မခံလိုက်ဘူး။

“လွန်ခဲ့တဲ့နှစ် ဧပြီလကစပြီး ကျွန်တော်တို့ရဲ့ ကမ့်ကို အိန္ဒိယရဲတွေ ပုံမှန်လာပြီး ပုံစံတွေဖြည့်ခိုင်းပြီး လက်ဗွေတွေ ပေးခိုင်းတယ်။ ကမ့်ထဲမှာတော့ ကျွန်တော်တို့ကို မြန်မာနိုင်ငံ ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေခဲ့တယ်” လို့ သူက Al Jazeera ကို ပြောတယ်။

အိန္ဒိယကို တရားဝင် စာရွက်စာတမ်းနဲ့ ဝင်လာတာမဟုတ်လို့ ၂၀၁၂ ခုနှစ်ကစပြီး အာဆမ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရိုဟင်ဂျာ (၇) ဦးကို ပြန်ပို့တဲ့ အောက်တိုဘာလ (၄) ရက်နေ့ကစပြီး ခြောက်ခြားတုန်လှုပ်မှု စလာခဲ့တယ်။ 

အိန္ဒိယနိုင်ငံက ဒုက္ခသည် (သို့မဟုတ်) ခိုလှုံခွင့်တောင်းခံသူတွေရဲ့ အသက်နဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုရှိနေတဲ့ နယ်မြေထဲ ပြန်မပို့ဖို့ တားမြစ်ထားတဲ့ မဖိနှိပ်ရေး အခြေခံမူဝါဒကို ချိုးဖောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရ လက်ထဲ အပ်နှံခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ မီးရှို့မှု ကျူးလွန်ခဲ့တာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြဌာန်းချက်အတိုင်း ကျူးလွန်ထားတယ်လို့ စွပ်စွဲထားပါတယ်။ ၂၀၁၇ သြဂုတ်လကစပြီး စက်ဆုပ်ရွံ့ရှာစရာ လူမဆန်စွာ ရက်စက်မှုကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့ရတယ်။

မြန်မာအစိုးရက စွပ်စွဲချက်တွေကို ငြင်းဆိုထားပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်မှာ နိုင်ငံသားအခွင့်အရေး ရုပ်သိမ်းခံရတဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒကို ဆက်လက်သုံးစွဲနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ပြောဆိုချက်အရ ရိုဟင်ဂျာတွေက ကမ္ဘာပေါ်မှာ အဖိနှိပ်ခံရဆုံး လူနည်းစုတစ်စု ဖြစ်တယ်။

အိန္ဒိယနိုင်ငံမှ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း

ဇာကီရ်ဟူစိန်းကတော့ သူရဲ့ မိခင်၊ ညီ အပါအဝင် မိသားစုဝင်တွေကို စုစည်းပြီး အိန္ဒိယမှာ အခြေအနေတွေ အရမ်းဆိုးရွား မလာခင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဦးတည်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်နိုင်မယ့် နည်းလမ်းရှာဖို့ ၃ လကျော် အချိန်လိုခဲ့တယ်။ “အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့က ကျွန်တော်နဲ့ မိခင်ဖြစ်သူတို့ကို နယ်စပ်မှာ တစ်ရက် ထိန်းသိမ်းထားခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကျွန်တော်တို့ကို နယ်စပ်ဖြတ်ခွင့် ပေးခဲ့တယ်” လို့ ဇာကီရ်ဟူစိန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဇာကီရ်ဟူစိန်းတို့ကို ရဲတပ်ဖွဲ့ လက်ထဲကို အပ်နှံခဲ့တယ်။ နောက်တော့ ရိုဟင်ဂျာ တစ်သန်းကျော် ပြန့်ကျဲ ခိုလှုံနေပြီး ယာယီတည်းခိုရေးစခန်းရှိတဲ့ ကော့ဇ်ဘဇားမြို့ကို ပို့လိုက်တယ်။

ဒီနှစ်အစပိုင်းကစပြီး ဇာကီရ်ဟူစိန်း လို ရိုဟင်ဂျာ ၁၃၀၀ နီးပါး အိန္ဒိယ ကနေ ဘင်္ဂလားဒေ့ရှ်ကို ကူးလာခဲ့တယ်။ 

ဒီအပတ်ထဲမှာ ရိုဟင်ဂျာ အနည်းဆုံး ၆၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်။ အင်္ဂါနေ့ ဖမ်းဆီးခံရတဲ့ ၃၁ ဦးကတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ No Man's Land မှာ သောင်တင်နေခဲ့တာပါ။ သူတို့ကို ဖမ်းပြီး အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက အိန္ဒိယအစိုးရက ဒီလူတွေက အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အလွယ်တကူ စည်းရုံးမှုကို ခံရမယ့်သူတွေ ဖြစ်တယ်လို့ ဆိုပြီး ပြည်နယ်တွေ အားလုံးကို ရိုဟင်ဂျာတွေကို ရွေးထုတ်ပြီး ပြန်ပို့ဖို့ ညွန်ကြားခဲ့တယ်။

ဇာကီရ်ဟူစိန်းရဲ့ မိခင် အသက် ၅၅ နှစ် အရွယ် ဒေါ်မာရီယမ်ခါတူ ကတော့ စိတ်သက်သာရာ ရသွားပါပြီ။ “လွန်ခဲ့တဲ့နှစ်ကစပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို မကြာခဏ ခံခဲ့ရတာကြောင့် ကျွန်မတို့ စိတ်ဖိစီးမှုဒဏ်ခံခဲ့ရတယ်”

ဒေါ်မာရီယမ်ခါတူ ကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ မရှိဘူးလို့ ပြောပါတယ်။ “ကျွန်မတို့ အဲဒီနေရာက ထွက်လာတာ အတော်ကြာပြီ၊ အဲဒီမှာ ကျွန်မတို့အတွက် ဘာမှ မရှိဘူး”

အသက် ၇၅ နှစ်အရွယ် ဦးဖိုက်ရက်စ်အဟမတ် ကတော့ အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ ဂျာမူးမြို့က စခန်းကနေ ဇန်နဝါရီလ (၇) ရက်နေ့မှာ ထွက်ခွာလာခဲ့တာပါ။

“ဘင်္ဂလားဒေ့ရှ်ကတော့ အခုအချိန်မှာ ကျွန်တော်တို့အတွက် အလုံခြုံဆုံး နေရာဖြစ်ပါတယ်။ ဒီက ကမ့်တွေမှာ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေ အများကြီးရှိတယ်” လို့ ကော့ဇ်ဘဇားက ယာယီတည်းခိုရေးစခန်းမှာ ခိုလှုံနေတဲ့ ဦးဖိုက်ရက်စ်အဟမတ်က ပြောပါတယ်။

“ကျွန်တော်က ဂျာမူးက ဒုက္ခသည်စခန်းမှာ ၆ နှစ် နေလာခဲ့တယ်။ ဒါပေမယ့် မနှစ်က ကမ့်ကို ရဲတွေ ရောက်လာပြီးတော့ အခြေအနေ ပြောင်းသွားခဲ့တယ်။ သူတို့က ကျွန်တော်တို့ရဲ့ ကိုယ်ရေး အချက်အလက်တွေ မေးပါတယ်”

သူကတော့ အခြေအနေတွေက ဆန့်ကျင်ဘက်ကို ပြောင်းလဲလာတယ်လို့ ဆိုတယ်။ “ဒေသခံ ဟိန္ဒူခေါင်းဆောင်တွေက ကျွန်တော်တို့ကို ခြိမ်းခြောက်တာတွေ စလုပ်လာတယ်၊ ကျွန်တော်တို့ အိန္ဒိယက ထွက်မသွားရင် သတ်ပစ်မယ်လို့ သူတို့က ပြောတယ်”

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း တစ်ခုမှာလည်း အကြောက်တရားကို သိသိသာသာမြင်နေရတယ်။ မိုဟာမတ်ဆလီမ်အုလ္လာက ကလီးန်ဒီကူန်ဂျ် နယ်မြေမှာ ကုန်စုံဆိုင်လေး ဖွင့်ထားတာပါ။

လွန်ခဲ့တဲ့လတွေမှာ ၆ မျက်နှာပါတဲ့ ကိုယ်ရေးအချက်အလက်တွေကို တင်သွင်းဖို့ ဒေလီ ရဲတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ပြောခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ လူတွေက ဒီက အာဏာပိုင်တွေက အာဆမ်နဲ့ မဏိပူရ်က ရိုဟင်ဂျာအချို့ကို မြန်မာနိုင်ငံကို ပြန်ပို့သလို ပြန်ပို့နိုင်တယ်ဆိုပြီး ကြောက်ခဲ့ကြတယ်” လို့ မိုဟာမတ်ဆလီမ်အုလ္လာက ပြောတယ်။

၂၀၁၂ ခုနှစ်မှာ ရောက်လာတုန်းက အခြေအနေတွေ ဒီထက်ကောင်းခဲ့တယ်လို့ သူက ဆိုပါတယ်။

“အစပိုင်း နှစ်တွေတုန်းက ကျွန်တော်တို့ ဒီမှာ အလုပ်တွေရတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေက ကျောင်းတက်ဖို့ ဒုက္ခသည်ကတ်ပြား တစ်ခုတည်းနဲ့သာ စိစစ်တယ်” 

“အခုတော့ ကျွန်တော်တို့ ကလေးတွေ ကျောင်းမတက်နိုင်တော့ဘူး။ ကျောင်းတွေ အားလုံးက အာဒါရ်ကတ်  [အိန္ဒိယနိုင်ငံသားများသာ ရသည့် မှတ်ပုံတင်ကတ်] တောင်းတယ်။ ကျွန်တော်တို့မှာ အဲဒီကတ် မရှိဘူး” လို့ သူက ပြောပါတယ်။ 

“ကျွန်တော်တို့ကတော့ အိန္ဒိယ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ကို ဘာအတွက်မှ အပြစ်တင်နေတာ မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ရဲ့ ကံကြမ္မာပါ”

နယူးဒေလီ အခြေစိုက် တက်ကြွလှုပ်ရှားသူ ဇဖာရ်မဟ်မွတ် ကတော့ သူရဲ့ အဖွဲ့အစည်း ဇကာသ်ဖောင်ဒေးရှင်း က ရိုဟင်ဂျာတွေကို ကူညီနိုင်ဖို့ ကြိုးစားနေပေမယ့်လည်း အိန္ဒိယ အာဏာပိုင်တွေက လမ်းပိတ်ဆို့ထားတယ်လို့ ဆိုတယ်။

“ဇကာသ်ဖောင်ဒေးရှင်း က ကိုယ်ပိုင်မြေမှာ ရိုဟင်ဂျာတွေ နေထိုင်ဖို့ အဆောက်အဦ ဆောက်ဖို့ အဆင်သင့် ဖြစ်နေပေမယ့် အစိုးရ ဆောက်ခွင့် မပေးဘူး” လို့ ဇဖာရ်မဟ်မွတ်က Al Jazeera ကို ပြောပါတယ်။

သူကတော့ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရရဲ့ “မွတ်စလင်ဆန့်ကျင်ရေး နိုင်ငံရေး” က ရိုဟင်ဂျာတွေ အပေါ် ရန်လိုနေတာတွေကို အပြစ်ဖို့ပါတယ်။

“အိန္ဒိယရဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ချဉ်းကပ်မှုက အလွန်အလွန့် အကြင်နာတရား ကင်းမဲ့လွန်းတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ တောင်အာရှညွန်ကြားရေးမှူး မီနာခ်ရှီ ဂန်ဂူလီ က ပြောပါတယ်။

“မြန်မာစစ်တပ်က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှု အတွက် တာဝန်ရှိတယ်လို့ ကုလသမဂ္ဂက နိဂုံးချုပ်ပြောထားပြီးပြီ။ ဒါကို ကမ္ဘာကလည်း သိတယ်” လို့ မီနာခ်ရှီ ဂန်ဂူလီ က Al Jazeera ကို ပြောတယ်။

“အိန္ဒိယက ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်တဲ့အပြင်၊ မြန်မာအစိုးရကို တရားမျှတမှုကို သေချာအောင်လုပ်ဖို့အတွက် ပြောဖို့လည်း ပျက်ကွက်တယ်။ ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့ အာဏာပိုင်တွေ လက်ထဲကို ရိုဟင်ဂျာဒုက္ခသည် အချို့ကို အပ်နှံခဲ့တယ်” 

အိန္ဒိယရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ရိုဟင်ဂျာတွေရဲ့ လုံခြုံမှုအတွက် အန္တရာယ်ရှိနေတာနဲ့ ပတ်သက်ပြီး ရှုတ်ချဖို့ ပျက်ကွက်ခဲ့တယ်လို့ မီနာခ်ရှီ ဂန်ဂူလီ က ပြောတယ်။ “အိန္ဒိယက ဒုက္ခသည်တွေကို ကာကွယ်ပေးပြီး၊ UNHCR ကိုလည်း မှန်မှန်ကန်ကန် အချက်အလက် ရယူဖို့ ပေးရမယ်” လို့ သူမ က ဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ အာဏာရ Bharatiya Janata ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နာလင်းကိုဟ်လီ ကတော့ အိန္ဒိယနိုင်ငံက နိုင်ငံတကာ သံတမန်ခင်းကျင့်ဝတ်တွေကို လက်မှတ်မထိုးထားတဲ့အတွက် ရိုဟင်ဂျာတွေ အနေနဲ့ ဒုက္ခသည်အဆင့်ကို တောင်းဆိုလို့ မရဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အတွက် လုံခြုံမှု ရှိတယ် မရှိဘူးဆိုတာကို ယူဆချက် မပေးချင်ဘူး။ မြန်မာအစိုးရက သူတို့အနေနဲ့ ပြန်ခေါ်ဖို့ ဆန္ဒရှိတယ်လို့ ပြောတယ်” လို့ သူက ပြောတယ်။ 

နာလင်းကိုဟ်လီ ကတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အစိုးရက “ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှု” ဆိုပြီး ရပ်တည်နေတာကို ထပ်လောင်း ပြောပါတယ်။

'ကျွန်တော်တို့ကတော့ ကန်ထုတ်မှာ မဟုတ်'

“ဒီနှစ်စပိုင်းကစပြီး အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို နေ့စဉ်နေ့တိုင်း ဝင်လာနေတယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ကယ်ဆယ်ရေး၊ ပြန်ပို့ရေး ကော်မရှင်နာ အာဘူကလာမ် က Al Jazeera ကို ပြောပါတယ်။

“အခုကတော့ ၁၃၀၀ ကျော်နေပြီ” လို့ အာဘူကလာမ် က ပြောပါတယ်။ “နောက်ထပ်လည်း လာနေကြတယ်”

ဒုက္ခသည်စခန်းတွေ အားလုံးရဲ့ တာဝန်ခံဖြစ်တဲ့ အာဘူကလာမ်က အိန္ဒိယက ရောက်လာတဲ့ ရိုဟင်ဂျာတွေကို အူကီးယားက ယာယီတည်းခိုရေးစခန်းမှာ ထားတယ်လို့ ဆိုပါတယ်။

“အဲဒီကမ့်က ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက ကွပ်ကဲတာပါ။ သူတို့က အစားအသောက်၊ နေရာထိုင်ခင်းနဲ့ အကာအကွယ် တွေကို ပံ့ပိုးပေးတယ်”

UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖီရာစ်အလ်ကသီဗ် ကတော့ အိန္ဒိယက ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ယာယီတည်းခိုရေးစခန်းမှ ဝန်ဆောင်မှုတွေ ပေးထားတယ်လို့ Al Jazeera ကို ပြောပါတယ်။ 

အိန္ဒိယကနေ ရောက်လာတဲ့ ဒုက္ခသည်သစ်တွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အစီအစဉ်ကို မေးကြည့်တော့ “မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို ကျွန်တော်တို့ နေရာထိုင်ခင်း ပေးထားပြီးပြီ၊ အဲဒီတော့ ကျွန်တော်တို့က သူတို့ကို ကန်မထုတ်ဘူး ဆိုတာတော့ ကျွန်တော် အခိုင်အမာ ပြောနိုင်ပါတယ်” လို့ အာဘူကလာမ် က ပြောတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယက အဆင့်တူပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောမယ်လို့ အာဘူကလာမ်က ဆိုတယ်။ “ဒါကတော့ ကျွန်တော့်ပေါ် မမူတည်ဘူး။ ဒီဆုံးဖြတ်ချက်က အမြင့်ဆုံးအဆင့်ကနေ ယူရမှာပါ”

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က အသစ်ခန့်အပ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ်ဒူမိုမန် က မကြာခင် အိန္ဒိယကို သွားလည်မှာဖြစ်ပြီး၊ အဲဒီမှာ အခုဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိနိုင်တယ် လို့ Al Jazeera ကို ပြောတယ်။

နယူးဒေလီမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းက ဆန်ဂျီဒါဘေဂမ် ကတော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့်သူ နောက်တစ်ဦး ဖြစ်နိုင်တယ်ဆိုပြီး ကြောက်လန့် နေတယ်။

“အားလုံးက မြန်မာနိုင်ငံရဲ့ အခြေအနေကို သိကြတယ်။ ကျွန်မတို့က အခုလို အခြေအနေမျိုးမှာ ပြန်မသွားချင်ဘူး” လို့ အသက် (၂၅) နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင် က ပြောပါတယ်။

“အသက်အမာခံချက် ဒါမှမဟုတ် အခွင့်အရေး တစ်စုံတစ်ရာ မရှိဘဲ မြန်မာနိုင်ငံကို ပြန်တာထက် ဒီအိန္ဒိယမှာ သေသွားတာ ကောင်းတယ်”

Faisal Mahmud ရေးသားသည့် They threatened to kill us if we didn't leave India: Rohingya ကို ရှား က ဆီလျော်အောင် ဘာသာပြန်ထားသည်။

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ