ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံ
ရှား Rohingya Today
ကုသုပါလောင် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသည့် ကုလအထူးကိုယ်စားလှယ် ရန်ဟီးလီ (ဓါတ်ပုံ - Eliyas)

ကော့ဇ်ဘဇား ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုပ်ခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခရန်ဟီးလီသည် ယနေ့ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကော့ဇ်ဘဇားခရိုင်ရှိ ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကုသုပါလောင် ဒုက္ခသည်စခန်းသို့  သွားရောက်၍ ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံသည်။ 

ဇန်နဝါရီလ (၂၁) ရက်နေ့က ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်မျဉ်းရှိ No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံခဲ့ပြီး၊ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကုသုပါလောင်သို့ ယနေ့ သွားရောက်ခြင်း ဖြစ်သည်။ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဒါကာမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့ ဒီကမ့်က အတော်လေး ကြီးတယ်။ ဒီမှာ တစ်နေကုန်သွားတယ်လို့ သိရတယ်။ ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ တော်တော်များများ သီးခြားစီတွေ့တယ်လို့ သိရတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောပါသည်။

ရိုဟင်ဂျာဒုက္ခသည်များကို ကိုယ်စားပြု၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံရာတွင် ဒုက္ခသည်ဘဝတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ကလေးငယ်များ ပညာရေးကိစ္စများ၊ နေရပ်သို့ ပြန်ရေးအတွက် လိုအပ်ချက်များ၊ မြန်မာနိုင်ငံတွင်းတွင် မတရားသဖြင့် ဖမ်းဆီးခံရသူများကိစ္စ စသည်တို့ကို အသေးစိတ် တင်ပြခဲ့ကြသည်။

“ကျွန်တော်တို့ကတော့ နေရပ်ပြန်ဖို့အတွက် လုံခြုံရေးလိုအပ်တာတွေ၊ ပြီးတော့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့၊ လက်ရှိ ရခိုင်ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး ကမ့်တွေထဲ ထည့်ထားဖို့ ပြင်ဆင်နေတာတွေ၊ ကျွန်တော်တို့ ခံစားခဲ့ရတာတွေ အတွက် တရားမျှတမှု ရရှိရေးတွေ အတွက် ပြောပြပါတယ်။ အချိန်တစ်နာရီနီးပါးလောက် သေချာ အသေးစိတ်တင်ပြလို့ ရလိုက်ပါတယ်” ဟု ကုသုပါလောင် ဒုက္ခသည်စခန်း အခြေစိုက် အဖွဲ့ဖြစ်သည့် ARSPH မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေလီယာစ်က Rohingya Today သို့ပြောပါသည်။ 

ဒုက္ခသည်များအရေးအတွက် လှုပ်ရှားနေတဲ့ အခြားအဖွဲ့အစည်းတစ်ခုဖြစ်သည့် Voice of Rohingya မှ တာဝန်ခံတစ်ဦး ဖြစ်သူ ဦးမိုဟာမတ်ဟူစိန်း က “ကျွန်တော်တို့ အဖွဲ့က ဒီနေ့ ကုသုပါလောင်မှာ သွားတွေ့ပါတယ်။ မိနစ် ၅၀ လောက် တွေ့ခွင့်ရလိုက်တယ်။ ရိုဟင်ဂျာသမိုင်းကြောင်း အကျဉ်း၊ ကျွန်တော်တို့ ၂၀၁၂ က စပြီး ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ အသေးစိတ်၊ မတရားဖမ်းဆီးခံထားရသူတွေ ကိစ္စ၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျွန်တော်တို့ကို အခုလို နေရာပေးပြီး ခိုလှုံခွင့်ပေးလို့ ကျေးဇူးတင်တဲ့အကြောင်း၊ ပါမောက္ခရန်ဟီးလီလည်း ကျွန်တော်တို့ကို အခုလို လာကြည့်ပြီး ကျွန်တော်တို့ရဲ့ အခြေအနေ၊ အထောက်အထားတွေ စုဆောင်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံတွေမှာ တင်ပြတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း စတာတွေကို ပြောလိုက်ပါတယ်” ဟု ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်များသည် ၎င်းတို့အား ရက်စက်ကြမ်းကြုတ်ခဲ့သည့် မြန်မာစစ်တပ်နှင့် အာဏာပိုင်များကို နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုရေးကို အထူးလိုလားနေကြပြီး၊ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အကာအကွယ် အစောင့်အရှောက် သို့မဟုတ် နိုင်ငံတကာ အကာအကွယ် အစောင့်အရှောက်ဖြင့်သာ ပြန်လိုကြသည်။ ၎င်းတို့အား မြန်မာအစိုးရအား ပြန်ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဆော်ဒီအာရေဗျာနိုင်ငံတွင် တရားဝင် နေထိုင်ခွင့် လက်မှတ်မရှိသည့် ရိုဟင်ဂျာအချို့ကို ဖမ်းဆီးထားပြီး၊ ၎င်းတို့အား ပြန်လည် လွတ်ပေးရေးအတွက် ပါမောက္ခရန်ဟီးလီ က ကူညီပေးပါရန် ဒုက္ခသည် အမျိုးသမီး အချို့က ဗီးနိုင်းလ် ပိုစတာများ ကိုင်ဆောင်၍ တောင်းဆိုခဲ့ကြသည်။

ရန်ဟီးလီ၏ ယခုခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် အစီရင်ခံစာကို လာမည့် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် တင်သွင်းသွားမည် ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ