အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ခွင့်ရရန် စောင့်နေသည့် ရိုဟင်ဂျာ ၃၁ ဦးကို အိန္ဒိယရဲများက ဖမ်းဆီး
ရှား Rohingya Today
အိန္ဒိယရဲများက ရိုဟင်ဂျာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက် ဖြည့်သွင်းနေစဉ် (ဓါတ်ပုံ - AFP)

လွန်ခဲ့သည့် သောကြာနေ့ (ဇန်နဝါရီလ ၁၈) ရက်နေ့မှစ၍ အိန္ဒိယ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘရာဟမ်ဘရီးယားခရိုင် ခယ်စ်ဘာမြို့ရှိ No Man's Land တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ခွင့်ရရန် စောင့်နေခဲ့သည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၁ ဦးကို လေးရက်အကြာ ယနေ့ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အိန္ဒိယ နယ်ခြားစောင့်တပ်က ရဲတပ်ဖွဲ့သို့ အပ်နှံလိုက်သည်။ 

အမျိုးသား ၈ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၁၇ ဦးတို့ကို အိန္ဒိယ နယ်ခြားစောင့်တပ်က အနောက်ထရိုက်ပူရာရှိ အမ်တိုလီ ရဲစခန်းသို့ ယနေ့ နံနက် ၁၁ နာရီတွင် အပ်နှံခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နယူးဒေလီရှိ နယ်ခြားစောင့်တပ် ရုံးချုပ်က ယခုကဲ့သို့ ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံမှ The Hindu သတင်းဌာနက ရေးသားထားသည်။

အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက ရိုဟင်ဂျာဒုက္ခသည်များကို တရားမဝင်ရောက်ရှိလာသည့် နိုင်ငံခြားသားများ ဖြစ်သည့်အတွက် လုံခြုံရေး အကြောင်းပြကာ တစ်နိုင်ငံလုံးတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများ စာရင်းလုပ်၍ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ညွန်ကြားထားသည်။

No Man's Land တွင် စောင့်ဆိုင်းနေခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲများ တွေ့ဆုံ၍ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က လက်ခံရန် ငြင်းဆိုခဲ့သည်။

ရိုဟင်ဂျာ ၃၁ ဦးကို တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်လာခြင်း မရှိသောကြောင့် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု ထရိုက်ပူရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောသည်။

အဆိုပါ ဒုက္ခသည်များသည် ကက်ရှ်မီးရ်ပြည်နယ်တွင် နှစ်ပေါင်းများစွာ ခိုလှုံခဲ့သူများဖြစ်ပြီး၊ အချို့တွင် ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ (UNHCR) မှ တရားဝင်ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုထားသည့် ကတ်ပြားများ ရှိကြသည်။ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၈၀၀၀ ခန့်ကို UNHCR က ဒုက္ခသည်အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးထားပြီး၊ ကတ်ပြားတွင် အနှောက်အယှက်ပေးခံရခြင်း၊ ထင်ရာဆိုင်း ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပို့ခံရခြင်း တို့မှ ကာကွယ်ပေးမည်ဟု ရေးသားထားသော်လည်း အိန္ဒိယနိုင်ငံက ယင်းကတ်ပြားကို အသိအမှတ်မပြုပေ။

အိန္ဒိယနိုင်ငံက လေးလအတွင်း ရိုဟင်ဂျာ (၁၂) ဦးကို မြန်မာနယ်စပ်သို့ ပို့ဆောင်၍ မြန်မာအာဏာပိုင်များ လက်ထဲသို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁၃၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့သည်။ ၎င်းတို့အား ကော့ဇ်ဘဇားခရိုင်ရှိ UNHCR ယာယီစခန်းတွင် နေရာပေးထားသည်။

ဂျာမူးနှင့် ကက်ရှ်မီးရ် ပြည်နယ်တွင် ၆ နှစ်ကြာ ခိုလှုံနေသည့် ရိုဟင်ဂျာ ၃၀ ဦးကိုလည်း တနင်္လာနေ့က အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ၎င်းတို့သည် အလုပ်မရှိတော့သဖြင့် အလုပ်ရှာနေစဉ် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ